ပေါက်ခေါင်း မတ် ၂၈
၂၀၂၄ ခုနှစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဆက်ကပ်လှူဒါန်းသည့် မဟာကမ္မဠာနာစရိယ ဘွဲ့တံဆိပ်တော်ရ ပေါက်ခေါင်းမြို့ ပုဗ္ဗာရုံဓမ္မရိပ်သာကျောင်းတိုက်၏ ဆရာတော်ဘဒ္ဒန္တဝိသုဒ္ဓ၏ ဂုဏဝိသိဋ္ဌပူဇာ မင်္ဂလာအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါကျောင်းတိုက် သာသနာ့ဗိမ္မာန်တော်ကြီးတွင် ကျင်းပရာ မဟာကမ္မဠာနာစရိယဘွဲ့တံဆိပ်တော်ရဆရာတော် ဘဒ္ဒန္တဝိသုဒ္ဓအမှူးပြုသော ဆရာတော်သံဃာတော်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များ၊ တပည့်ဒါယကာ၊ ဒါယိကာမများနှင့်ဖိတ်ကြားထားသူများ တက်ရောက် ပူဇော်ကြသည်။
အခမ်းအနားကို နမောတဿ ဗုဒ္ဓပဏာမဖြင့် (၃) ကြိမ်ရွတ်ဆိုကာ စတင်ဖွင့်လှစ်ပြီး ရန်ကုန်မြို့ဇေယျဝတီကျောင်းတိုက် ဆရာတော်ကြီးထံမှ (၅) ပါးသီလ ခံယူဆောက်တည်ကြသည်။ ယင်းနောက် ပေါင်းတလည်မြို့ သဒ္ဓမ္မမဉ္ဇီကျောင်းတိုက် ဆရာတော်ဘုရားကြီးထံမှ သာရဏီယဩဝါဒကထာ နာကြားခြင်းနှင့် ပေါက်ခေါင်းမြို့ သံဃနာယကဆရာတော်ဘုရားကြီးထံမှ ဩဝါဒကထာများနာယူကြသည်။ ၎င်းနောက် ပေါက်ခေါင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးဖြိုးသူမောင်က ပူဇာသဘင်နှင့်စပ်လျဉ်း၍ သာသနာရေးဆိုင်ရာများလျှောက်ထားပြီး၊ "ဘဒ္ဓဝိသုဒ္ဓအရှင်သူမြတ်" ၏ ထေရုပ္ပတ္တိအကျဉ်းအား အရှင်ဇနာဒီပ ဆရာတော်ကဖတ်ကြားလျောက်ထားသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဉက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က ဆရာတော်များထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်ပြီး၊ ဘဒ္ဓန္တဝိသုဒ္ဓအရှင်သူမြတ်အား မဟာကမ္မဌာနာစရိယဘွဲ့တံဆိပ်တော်လက်မှတ်ကို ထပ်ဆင့် ဆက်ကပ်ပူဇော်သည်။
၎င်းနောက် နိုင်ငံကျော်အဆိုတော် ရီရီသန့်နှင့်အဖွဲ့က သူရိန်ပေါက်ခေါင်းရေးစပ်သည့် ရတုပိုဒ်စုံအားသီကျူးပူဇော်၍ ပေါက်ခေါင်းမြို့နယ် သံဃနာယကအဖွဲ့ဉက္ကဋ္ဌ သရက်တော ကျောင်းတိုက်ဆရာတော်ကြီးထံမှ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချအနုမောဒနာတရား နာယူကြည်ညိုကြကာ ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုသာဓုခေါ်၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)