ရွှေတောင်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ အသိပညာပေးထပ်ဆင့်ရှင်းလင်းပွဲကျင်းပ

ရွှေတောင် မတ် ၂၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ အသိပညာထပ်ဆင့်ရှင်းလင်းပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ပြည်သူ့စစ်မှုထမ်းဥပဒေ အသိပညာပေးထပ်ဆင့်ရှင်းလင်းပွဲတွင် မြို့နယ်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်က အဖွင့်အမှာစကားပြောကြားရာတွင် ဥပဒေ၏ ရည်ရွယ်ချက်၊ စစ်မှုထမ်းမည့်အသက်အရွယ်အပိုင်းအခြား၊ စစ်မှုထမ်းရမည့် ကာလ၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အဆင့်ဆင့်ဖွဲ့စည်းထားရှိမှု၊ ကင်းလွတ်ခွင့်ရရှိသူများ၊ ပြစ်မှု/ပြစ်ဒဏ်များအား အသိပေးချပြရှင်းလင်းခဲ့ပြီး မြို့နယ်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့၊ အတွင်းရေးမှူး ဦးစိုးရာဇာလင်းက စာရင်းကောက်ယူရေးပုံစံများနှင့်ပတ်သက်၍ ဆက်လက်ဆောင်ရွက်ရမည့် အချက်အလက်များအား အသေးစိတ်ချပြရှင်းလင်းခဲ့ရာ တက်ရောက်လာသူများက စာရင်းကောက်ယူရမည့်ပုံစံများနှင့်ပတ်သက်ပြီး မရှင်းလင်းသည်များကို ပြန်လည်ဆွေးနွေးခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ မြို့ပေါ်ရပ်ကွက် (၃) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၁၀) အုပ်စုတို့ရှိ ပြည်သူ့စစ်စာရင်းကောက်ယူရေးအဖွဲ့ဥက္ကဋ္ဌ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ ရာအိမ်မှူး/ ဆယ်အိမ်မှူးများ၊ ရပ်မိရပ်ဖများ စုစုပေါင်းအင်အား (၁၀၈) ဦခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)