ဇီးကုန်း မတ် ၂၈
အသေးစား၊ အငယ်စားနှင့် အလတ်စား MSMEs စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်းချက်နှင့်အညီ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ကြီးကြပ်မှုနှင့်အတူ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များမှ မြို့နယ်အတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဒေသထွက်ကုန်များ၊ ထုတ်ကုန်လုပ်ငန်းများ ချဲ့ထွင်လုပ်ကိုင်နိုင်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်လွဲပိုင်းက ဇီးကုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က မြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် အသေးစား၊ အငယ်စားနှင့် အလတ်စား MSMEs စီးပွားရေးလုပ်ငန်းများ၊ ဒေသထွက်ထုတ်ကုန်လုပ်ငန်းများ ဈေးကွက်ချဲ့ထွင်နိုင်ရေး၊ လုပ်ငန်းရှင်များအတွက်လည်း လုပ်ငန်းလွယ်ကူစွာလုပ်ကိုင်နိုင်ရေး၊ အခွင့်အလမ်းများ ဖန်တီးဆောင်ရွက်ပေးနိုင်ရေး၊ မိမိဒေသ၏ ထုတ်ကုန်လုပ်ငန်းများအဖြစ် တိုးမြှင့်ထုတ်လုပ်နိုင်ရေးနှင့် ထုတ်လုပ်သည့်စားသောက်ကုန်များ ဘေးကင်းလုံခြုံရေးအတွက် FDA ထောက်ခံချက်ရရှိရေး၊ စက်မှုကြီးကြပ်နှင့် လုပ်ငန်းလိုင်စင် ရရှိရေးတို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် MSMEs စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီအဖွဲ့မှ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် လုပ်ငန်းများချဲ့ထွင် လုပ်ကိုင်နိုင်ရေးအတွက် လိုအပ်ပါက ချေးငွေရရှိရေးတို့ကိုလည်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြသည်။
ထို့နောက် တက်ရောက်လာသော လုပ်ငန်းရှင်များ၏ တင်ပြဆွေးနွေးချက်များအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်အောင်က ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ဇီးကုန်းမြို့နယ်တွင် အလတ်စားလုပ်ငန်း (၂၈) ခု၊ အငယ်စားလုပ်ငန်း (၂၆) ခု၊ အသေးစားလုပ်ငန်း (၂၆) ခုနှင့် စားသောက်ကုန်နှင့်ရောင်းဝယ်ရေးလုပ်ငန်း (၂၃) ခုကို ဆောင်ရွက်လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)