ပွင့်ဖြူ မတ် ၂၈
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ငှက်ပျောဈေးကောင်းရရှိနေသည့်အတွက် ငှက်ပျောစိုက်ပျိုးတောင်သူများ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများထံက သိရသည်။
“ ကျွန်တော်တို့ ဒေသမှာ ငှက်ပျောဈေးကွက် ပြန်လည်ကောင်းမွန်လာတာကြောင့် ဒေသတွင်းရှိ ငှက်ပျော စိုက်ပျိုးတောင်သူတွေ လုပ်ငန်းအဆင်ပြေကြတယ်။ ငှက်ပျောဈေးကွက် ပြန်လည်ကောင်းမွန်လာတဲ့အတွက် အချို့အညာကျေးလက်ဒေသတွေမှာ ဒေသခံတောင်သူက ဖီးကြမ်းငှက်ပျော၊ ငှက်ပျောချဉ်၊ ရခိုင်ငှက်ပျော၊ သီးမွှေးငှက်ပျောတွေကို စီးပွားဖြစ် တိုးချဲ့စိုက်ပျိုး လုပ်ကိုင်လာကြတယ်။ နောက်ပြီး စိုက်ပျိုးရေလဲ အဆင်ပြေတော့ ငှက်ပျောစိုက်ပျိုးရေးလုပ်ငန်းက ဖြစ်ထွန်းအောင်မြင်မှုရှိတယ်။ ကျွန်တော်တို့ဒေသမှာ တောင်သူတွေ အများဆုံးစိုက်ပျိုးတဲ့ ငှက်ပျောကတော့ ဖီးကြမ်းငှက်ပျောဖြစ်ပါတယ်။ ဖီးကြမ်းငှက်ပျောက လူကြိုက်များတော့ အရောင်းအဝယ်သွက်တာကြောင့် တောင်သူတွေက အားထားစိုက်ပျိုးကြတာဖြစ်ပါတယ်။ ယခုလက်ရှိမှာ ဖီးကြမ်းငှက်ပျောက တစ်ဖီးကို ငွေကျပ် (၁၅၀၀ ၊ ၁၇၀၀) ဈေးနဲ့ ရောင်းချနေရပါတယ်။ ငှက်ပျောချဉ် တစ်ခိုင်ကို ငွေကျပ် ၁၂၀၀၀၊ ရခိုင်ငှက်ပျောတစ်ဖီး ငွေကျပ် ၁၃၀၀ ဈေးနဲ့ ရောင်းချနေရပါတယ်။ ဒါ့ကြောင့် ငှက်ပျောသီးနှံက စနစ်တကျ စိုက်ပျိုးလုပ်ကိုင်ပါက နှစ်သီးစားဝင်ငွေရရှိတဲ့ သီးနှံဖြစ်လို့ စိုက်ပျိုးလုပ်ကိုင်သင့်ပါတယ်”ဟု ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာမှ ဒေသခံတောင်သူ ဦးကျော်ဆန်းက ပြောပြသည်။
ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများသည် စိုက်ပျိုးရေအဆင်ပြေမှုကြောင့် တစ်နှစ်ပတ်လုံး စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ် အားထားစိုက်ပျိုးလုပ်ကိုင်ကြပြီး အဓိက စိုက်ပျိုးသည့်သီးနှံများမှာ စပါးသီးနှံ၊ ဆီထွက်သီးနှံစုံ၊ ပဲမျိုးစုံသီးနှံ၊ စားဖိုဆောင်သီးနှံစုံနှင့် ဘုရားပန်းမျိုးစုံတို့ကို စိုက်ပျိုးကြကြောင်း၊ အချို့တောင်သူများက မိသားစုဝင်ငွေတိုးပွားရေးအတွက် စိုက်ပျိုးရေကို အကျိုးရှိစွာ အသုံးချပြီး ငှက်ပျော၊ သင်္ဘော၊ ပိန္နဲ၊ သရက်၊ လျှော်ဖြူစသည့် သစ်သီးဝလံစိုက်ပျိုးရေးကို စိုက်ပျိုးလုပ်ကိုင်ကြရာ အောင်မြင်ဖြစ်ထွန်း၍ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )