မုံရွာ မတ် ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့၊ မခေါက်ကျေးရွာတွင် ကွင်းအမှတ်(၂၆၉၄) တောင်သူဦးကံထွန်း၏ လယ်မြေတွင် (နွေစပါး) သစ်စိမ်းမြေဩဇာထည့်သွင်းခြင်း စံပြကွက်ကွင်း သရုပ်ပြပွဲကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ကြောင်း သိရသည်။
ရှေ့ဦးစွာကျောက်မြောင်းမြို့၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်ခင်ဝင်းက (နွေစပါး) သစ်စိမ်း မြေဩဇာ ထည့်သွင်းခြင်းစံပြကွက် ကွင်းသရုပ်ပြပွဲ ပြုလုပ်ရခြင်း ရည်ရွယ်ချက်များအပြင် တောင်သူ ဦးကြီးများ ဓာတ်မြေဩဇာကို နှစ်စဉ်ဆက်တိုက်သုံးစွဲခြင်းအားဖြင့် မြေသားဖွဲ့စည်းမှုပျက်စီးပြီး စိုက်ပျိုးမြေ အရည်အသွေးပျက်စီးယိုယွင်းလာကြောင်း၊ သစ်စိမ်းမြေဩဇာထည့်သွင်းလျှင် သီးနှံအထွက်နှုန်း ထိခိုက်မှုမရှိပဲ သွင်းအားစု ကုန်ကျစရိတ်သက်သာခြင်း မြေဩဇာထက်သန်ခြင်း မြေဆီလွှာတိုက်စာမှုဒဏ်ကို လျော့နည်းစေခြင်း မြေတွင် အစိုဓာတ်ပိုမိုထိန်းထားနိုင်ခြင်း၊ မြေဆီလွှာ ရေရှည်ဖွံ့ဖြိုးတိုးတက်ခြင်း ပေါင်းပေါက်ရောက်မှုသက်သာခြင်း၊ တစ်ဧက ကုန်ကျစရိတ်သက်သာပြီး ဝင်ငွေများ ပိုမိုတိုးတက်လာစေရန် စသည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် တောင်သူ ဦးကံထွန်းမှ ယခုလို တောင်သူနည်းပညာပေးစိုက်ပျိုးပြသတဲ့ စိုက်ပျိုးရေးဦးစီးဌာနကိုလည်း အထူးကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါ ကွင်းသရုပ်ပြပွဲကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဒေသခံတောင်သူ (၃၅)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)