ကျွန်းလှ မတ် ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ချောင်းရေနှင့် မြေအောက်ရေတင်ပြီး တစ်ပိုင်တစ်နိုင် ဟင်းသီးဟင်းရွက်မျိုးစုံစိုက်ပျိုးသူများ မိသားစုဝင်ငွေရရှိနေကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
“ကျွန်တော် နွေ၊ မိုး၊ ဆောင်း ချောင်းရေတင်ပြီး ဟင်းသီးဟင်းရွက်မျိုးစုံစိုက်ပျိုးပါတယ်။ ဒီနှစ်ဆောင်းရာသီမှာ ပန်းမုံလာ၊ မုံလာထုတ်(ဂေါ်ဖီထုတ်)၊ ကန့်လန့်၊ ငရုတ်၊ ခရမ်းစတဲ့သီးနှံစုံ စိုက်ပျိုးထားပါတယ်။ အခုအခါ ပန်းမုံလာတစ်ပွင့် ငွေကျပ် ၁၁၀၀ နဲ့ ကန့်လန့်လက်တစ်ဆုတ်တစ်စည်း ငွေကျပ် ၄၀၀ ရောင်းဈေးရောင်းရပြီး မိသားစုအတွက် ပုံမှန်ဝင်ငွေရရှိနေပါတယ်” ဟု ရှမ်းစုကျေးရွာ တောင်သူဦးမျိုးထွန်းက ပြောသည်။
အဆိုပါ ဟင်းသီးဟင်းရွက်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ဓာတုကင်းလွတ်သီးနှံရရှိရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက စိုက်ပျိုးရေးနည်းပညာပေးသင်တန်းဖွင့်လှစ်ခြင်း၊ သဘာဝမြေဩဇာ၊ သဘာဝပိုးသတ်ဆေးနှင့် ပိုးနှင်ဆေးပြုလုပ်သုံးစွဲနည်း လက်တွေ့ပြသခြင်း၊ ယူရီးယားဓာတ်မြေဩဇာများ ပြင်ပပေါက်ဈေးထက် ဈေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ကျွန်းလှမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ်၊ ဟင်းသီးဟင်းရွက် ၁၀၆၅ ဧကစိုက်ပျိုးပြီး ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်လမ်းများရရှိနေကြောင်း သိရသည်။
မျိုးဝင်းညို(ကျွန်းလှ)