မိုးညိုမြို့နယ်တွင် အခြေခံဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းနှင့် ကွန်ပျူတာ၊ အင်္ဂလိပ်စာ သင်တန်းဖွင့်လှစ်

မိုးညို မတ် ၂၈

ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်၊ ဇီးပင်အုပ်စု၊ တော်ပြန်ကျေးရွာရှိ ပညာဇောတိမင်္ဂလာကျောင်းတိုက်၏ ဦးစီးပဓါန နာယကဆရာတော်ဘဒ္ဒန္တကောသလ္လထံ ဩဝါဒခံယူ၍ စတုတ္တအကြိမ်မြောက် သာသနာ့ပျိုးခင်း နွေရာသီအခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်းနှင့် ကွန်ပျူတာ၊ အင်္ဂလိပ်စာအတတ်သင်တန်းဖွင့်ပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ပညာဇောတိမင်္ဂလာကျောင်းတိုက်ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ နမောတသသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး မိုးညိုမြို့နယ် သံဃာ့မဟာနာယကအဖွဲ့ဝင် မြောက်ချောကျေးရွာ သုံးပါးရတနာကျောင်းတိုက် ဦးစီးပဓါန နာယကဆရာတော် ဘဒ္ဒန္တဉာဏ္ဏိကထံမှ ငါးပါးသီလခံယူ၍ ဇီးပင်ကျေးရွာ ဓမ္မပါလကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တစန္ဒောဘာသနှင့် ဘံုလံုအိုင်ကျေးရွာ စိတ္တသုခကျောင်းတိုက် ဦးစီးပဓါန နာယကဆရာတော် ဘဒ္ဒန္တသုဇာတတို့ထံမှဩဝါဒကထာခံယူ‌ ဆောက်တည်ကြသည်။ ထို့နောက် တော်ပြန်ကျေးရွာ ပညာဇောတိမင်္ဂလာကျောင်းတိုက် ဦးစီးပဓါန နာယကဆရာတော် ဘဒ္ဒန္တကောသလ္လက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက် များအားရှင်းလင်းမိန့်ကြား၍ ဗုဒ္ဓသာသနံစိရံတိဌတု ရွတ်ဆိုကာ အခမ်းအနားပြီးမြောက်ခဲ့သည်။

အဆိုပါသင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်မှာ လူငယ်များအားယဉ်ကျေးလိမ္မာပြီး ဘာသာသာသနာကိုစောင့်ရှောက်တတ်သော သားကောင်း၊ သမီးကောင်းများဖြစ်လာစေရန်၊ နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်ဖြစ်ကြောင်း၊ သင်တန်းပို့ချရာတွင် ဆရာတော်၊ သံဃာတော်များနှင့် ကွန်ပျူတာ၊ အင်္ဂလိပ်စာသင်ကြားမည့် ဆရာ/ဆရာမများက သင်ကြားပို့ချပေးမည်ဖြစ်‌ကြောင်း၊ ယဉ်ကျေးလိမ္မာ၊ ကွန်ပျူတာနှင့် အင်္ဂလိပ်စာသင်တန်းကို တစ်လခွဲကြာသင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။

ကိုမင်း(ပြန်/ဆက်)