ဟင်္သာတမြို့နယ်၌ ၂၀၂၃ ခုနှစ် အစိုးရစမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ၌ အောင်မြင်တော်မူကြသော စာအောင်အရှင်သူမြတ်များအား စာအောင်ဆုနှင့် အောင်လက်မှတ်ဆက်ကပ်လှူဒါန်း

ဟင်္သာတ မတ် ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် မတ် ၂၇ ရက်နေ့ ညနေ ၄ နာရီ အချိန်က ဥယျာဥ်​​တောင်ရပ် ရွှေကျောင်းပရိယတ္တိစာသင်တိုက်ရှိ ပိဋကာဝါသ ရွှေဗိမာန်တော်ကြီး တွင် ၂၀၂၃ ခုနှစ် အစိုးရစမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ၌ အောင်မြင်တော်မူကြသော စာအောင်အရှင်သူမြတ်များအား စာအောင်ဆုနှင့် အောင်လက်မှတ် ဆက်ကပ်လှူဒါန်းခြင်းနှင့် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရှေးဦးစွာ ကြွရောက်တော်မှုလာကြသော ဆရာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ်များက နမောတဿ(နမောတဿ၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ကြပြီး ဟင်္သာတမြို့၊ မိုးကောင်းပရိယတ္တိ စာသင်တိုက်၊ တိပိဋကာလင်္ကာရ ပရိယတ္တိဆေကဓမ္မဓိပတိ၊ နိကာယဏ္ဏဝပါရဂူ၊ ပရိယတ္တိသာသနဟိတဂဏဝါစကာစရိယ၊ ပိဋကတ္တယပါရဂူ၊ အဂ္ဂမဟာ ပဏ္ဍိတ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တသုဓမ္မာစာရာ ဘိဝံသ ဆရာတော်အရှင်သူမြတ်ကြီးထံမှ ငါးပါသီလခံယူ ဆောက်တည်ခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးညွှန့်ဆန်းထွန်းဦးဆောင်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများမှ ပင့်သံဃာ ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ ဥက္ကဋ္ဌ ဦးညွန့်ဆန်းထွန်း မှ သာသနာရေးဆိုင်ရာများ လျှောက်ထားခြင်းတို့ ဆောင်ရွက်ခဲ့သည်။

ဆက်လက်၍ ဓမ္မာစရိယ(၁) ကျမ်းအောင်(၃)ပါး၊ နိကာယ်ဝိနယဝိဒူဘွဲ့ရ သီလရှင်(၂)ပါး၊ ပထမလတ်တန်းတွင် နိုင်ငံတော်အဆင့်(ဒုတိယ)ရ ရဟန်း(၁)ပါး၊ အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲ တိုင်းအဆင့် အထူးအောင် ပုဂ္ဂိုလ်(၂)ဦးတို့အား မြို့နယ်ဥက္ကဋ္ဌ ဦးညွန့်ဆန်းထွန်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး ကျော်စွာထွန်း၊ မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးအသင်းဥက္ကဋ္ဌ ဒေါ်အိအိခင် တို့မှ အောင်လက်မှတ်နှင့် စာအောင်ဆုများ ဆက်ကပ်လှူဒါန်းချီးမြှင့်ခြင်း၊ မိုးကောင်း ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသုဓမ္မာစာရာဘိဝံသ ဆရာတော်အရှင်သူမြတ်ကြီးထံမှ အနုမောဒနာတရားနာကြား၍ ရေစက်သွန်းချ အမျှပေးဝေခြင်း၊ ရိုးရိုးအောင်မြင်ကြသော ပထမကြီးတန်းအောင် (၅)ပါး၊ ပထမလတ်တန်းအောင်(၁၀)ပါး၊ ပထမငယ်တန်းအောင်(၂၁)ပါး၊ အခြေပြုမူလတန်းအောင်(၅၁)ပါး၊ ယဉ်ကျေးမှုအောင် (၃၉)ဦးတို့အား အဖွဲ့ဝင်(၂) ဦးမြင့်သိန်း၊ အဖွဲ့ဝင်(၃) ဦးစိုးမြင့်အောင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများမှ အောင်လက်မှတ်နှင့် စာအောင်ဆုများ ဆက်ကပ်လှူဒါန်းခြင်း၊ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားပြီးဆုံးခဲ့ပြီး အခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ တပည့် ဒါယကာ၊ ဒါယိကာမများ ပြည်သူများ၊ စုစုပေါင်း(၇၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်(ဟင်္သာတ)