အောင်လံ မတ် ၂၈
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ သွေးလှူဘဏ်ဖွင့်ပွဲနှင့် သွေးလှူရှင်ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက အောင်လံမြို့ ပြည်သူ့ဆေးရုံ ဝန်းတွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာနန္ဒာဝင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပရဟိတအသင်းအဖွဲ့များ၊ မြို့မိမြို့ဖများနှင့် သွေးလှူရှင်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ အခမ်းအနားကို တိုင်းဒေသကြီးကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးနှင့် အဖွဲ့ကသွေးလှူဘဏ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။ အခမ်းအနား ဒုတိယပိုင်းအား ဆက်လက်၍ ကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းက အဖွင့်အမှာစကား ပြောကြားပြီး၊ တိုင်းဒေသကြီးကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာနန္ဒာဝင်းက လမ်းညွှန်အမှာစကားပြောကြားခြင်း၊ သွေးလှူဘဏ်ဖြစ်မြောက်ရေး မြို့မိမြို့ဖ ဦးနိုင်ဇော်က ကျေးဇူးတင်စကားပြောကြားပြီး၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးလွင်က သွေးလှူဘဏ် ဖွင့်လှစ်နိုင်မှု ဆေးရုံတွင်လက်ရှိထမ်းဆောင်နေမှုများအပေါ် ကုတင် ၁၀၀ ခွင့်ပြုချက်ရရှိရေး တို့ကိုပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများက တက်ရောက်လာသော စေတနာရှင်အလှူရှင်များ၊ ပရဟိတအသင်းအဖွဲ့များ၊ သွေးလှူရှင်များ အား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ပြီး Lucky Draw အစီအစဉ် ဗလာမပါကံစမ်းမဲဖောက်ပေးခဲ့ကြောင်း သိရသည်။
မျိုးသိန်း(ပြန်/ဆက်)