ကြံခင်းမြို့နယ်အခြေခံပညာမူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် ဘာသာရပ်ဆိုင်ရာ (စွမ်းရည်မြှင့်) ဆွေးနွေးပွဲကျင်းပ

ကြံခင်း မတ် ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် ဘာသာရပ်အလိုက် စနစ်တကျ သင်ကြားမှုစွမ်ရည် မြင့်မားစေရန်၊ ဆရာ/ဆရာမများ အချင်းချင်း အတွေ့အကြုံ အကြံဉာဏ်ကောင်းများအား ဖလှယ်ကာ ပူးပေါင်းဆွေးနွေးပြီး ဆောင်ရွက်မှုရလဒ်ကောင်းများ ရရှိစေရေးအတွက် အခြေခံပညာမူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် ဘာသာရပ်ဆိုင်ရာ (စွမ်းရည်မြှင့်)ဆွေးနွေးပွဲကို မတ်လ(၂၆)ရက်နေ့ နံနက်ပိုင်းက  (အ.ထ.က-၁)နှင့်(အ.ထ.က-၂) ကျောင်းများတွင် ဆွေးနွေးပွဲကျင်းပခဲ့သည်။

အဆိုပါ ဘာသာရပ် (စွမ်းရည်မြှင့်)ဆွေးနွေးပွဲကို  (အ.ထ.က-၁) ကျောင်းတွင် ကြံခင်းမြို့နယ်အတွင်းရှိ  အခြေခံပညာ မူလတန်းအဆင့်  ဆရာ/ဆရာမ  (၅၄၀)ဦးအား သင်တန်းနည်းပြ (၃၆)ဦးကလည်းကောင်း၊  (အ.ထ.က-၂)ကျောင်းတွင် အလယ်တန်းအဆင့်  ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးနှင့် ဆရာ/ဆရာမ (၁၅၃)ဦးအား သင်တန်းနည်းပြ (၁၂)ဦးတို့ဖြင့်  သက်ဆိုင်ရာ ဘာသာရပ်များအလိုက် အစုအဖွဲ့များစုဖွဲ့ကာ စုပေါင်းဆွေးနွေးကြကြောင်းနှင့် ဆွေးနွေးပွဲကာလမှာ မတ်လ(၂၅)ရက်နေ့မှ (၃၀)ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း  မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူထံက သိရသည်။

ဘာသာရပ်စွမ်းရည်မြှင့် ဆွေနွေးပွဲကျင်းပခြင်းဖြင့် အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများ သင်ယူတတ်မြောက်မှုစွမ်းရည်မြင့်မားပြီး ဘာသာရပ်အလိုက် သင်ခန်းစာများတွင် ကျွမ်းကျင် ၊ ထိရောက်အောင်မြင်သော သင်ကြားသင်ယူမှုများ ဖြစ်လာမှာဖြစ်ကြောင်း၊  တတ်မြောက်ခြင်းကို စစ်ဆေးရာတွင် မေးခွန်းများ၏ တီထွင်ဖန်တီးမှုစွမ်းရည်၊ တွေးခေါ်မျှော်မြင်မှုစွမ်းရည် တိုးတက်လာမှာဖြစ်ကြောင်း  သိရသည်။

မြို့နယ်(ပြန်/ဆက်)