ကန်ကြီးထောင့်မြို့တွင် အိမ်တိုင်ရာရောက် ကြိုတင်ဆန္ဒမဲများ ကောက်ယူ

ကန်ကြီးထောင့်  နိုဝင်ဘာ ၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ‌ နေ့တွင် မဲရုံသို့ ကိုယ်တိုင်မလာရောက်နိုင်သည့် မဲဆန္ဒရှင်ပြည်သူများ အဆင်ပြေချောမွေ့စွာ မဲပေးနိုင်ရေး အတွက် အိမ်တိုင်ရာရောက် ကြိုတင်ဆန္ဒမဲ ကောက်ယူခြင်းကို ယနေ့နံနက် ၉ နာရီက အမှတ် ၁ ရပ်ကွက်၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကြိုတင်ဆန္ဒမဲပေးရာတွင် မဲရုံသို့ ကိုယ်တိုင်ကိုယ်ကျ လာရောက်မဲမပေးနိုင်သည့် အသက် ၆၀ နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများ၊ မသန်စွမ်းသူများ၊ နာမကျန်းသူများ၊ မီးဖွားသူများ စသည့် မဲဆန္ဒရှင် ပြည်သူများ မဲပေးခွင့် မဆုံးရှုံးစေရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ အိမ်တိုင်ရာရောက် ကြိုတင်ဆန္ဒမဲများ လိုက်လံကောက်ယူခြင်းဖြစ်ကြောင်း ရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲထံမှ သိရသည်။

ကန်ကြီးထောင့်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာ အုပ်စုပေါင်း ၈၀ ၊ မဲရုံပေါင်း ၁၃၉ ရုံနှင့် မဲဆန္ဒရှင်ပြည်သူ ၁၃၅၇၅၇ ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

နန်းထိုက် (ပြန်/ဆက်)