ဘားအံ မတ် ၂၈
(၇၉)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် မဲဘောင်-နောင်ပလိန်-ဝင်းစိန်လမ်း ကတ္တရာလမ်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၈ နာရီက အဆိုပါလမ်းမုခ်ဦးတည်နေရာ၌ ကျင်းပသည်။
လမ်းဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက လာမည့်ဘဏ္ဍာနှစ်များတွင်လည်း ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ အခြေအနေများ၊ ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ယခုထက်မကပိုမို ကောင်းမွန်တိုးတက်လာစေရေးအတွက် အဓိက လိုအပ်လျက်ရှိသော လမ်း၊ တံတား လုပ်ငန်းများကို ဆက်လက်ဖြည့် ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ပြည်နယ်သူ၊ ပြည်နယ်သားများကလည်း အခြေခံ အဆောက်အဦများဖြစ်သည့် လမ်း၊တံတားများကို ဝိုင်းဝန်းထိမ်းသိမ်းပေးကြစေလိုပြီး လမ်း၊တံတားများ တိုးတက်ဖြစ်ထွန်းလာစေရန် အတူတကွ ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး (မြို့ပြ)ဦးအောင်ညိုက လမ်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းပြောကြားပြီး ဒေသခံတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ညွှန်ကြားရေးမှူး(မြို့ပြ)က လမ်းဖွင့်ပွဲ အထိမ်းအမှတ် အလံငယ်များအား လက်ရောက်ပေးအပ်ခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက မဲဘောင်-နောင်ပလိန်ဝင်းစိန်လမ်း ကတ္တရာလမ်းအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး လမ်းဖွင့်ပွဲသို့ တက်ရောက်လာသော ယဉ်ကျေးမှုအဖွဲ့များနှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူး၍ ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြကာ အဆိုပါလမ်းအား ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ယနေ့ ဖွင့်လှစ်သော လမ်းသည် ၃၁ ဒဿမ ၅၈၃ ကီလိုမီတာခန့် ရှည်လျားပြီး ယခင်က မြေလမ်း၊ ကျောက်လမ်းများအဖြစ် တည်ရှိခဲ့ရာမှ ဘဏ္ဍာနှစ်အလိုက် အဆင့်မြှင့်တင်ဆောင်ရွက်ခဲ့ရာ ၂၀၂၂-၂၀၂၃ ခုနှစ်ထိ ပြည်ထောင်စု/ ပြည်နယ်ရန်ပုံငွေကျပ် ၅၁၃၇ ဒဿမ ၀၃၆ သန်းဖြင့် ၂၄ ပေ အကျယ်ကတ္တရာကွန်ကရစ်လမ်း(၁ဒဿမ၄၀၈) ကီလို မီတာ၊ ၁၈ ပေအကျယ်ကတ္တရာလမ်း ၀ ဒဿမ ၉၀၅ ကီလိုမီတာ (၁၂)ပေအကျယ်ကတ္တရာလမ်း ၂၉ ဒဿမ ၂၇ ကီလိုမီတာနှင့် Box Culvert တံတားကြီး/ငယ် ၄၉ စင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု/ ပြည်နယ် ငွေလုံးငွေရင်း/သာမန်ပြင်ဆင်ထိန်းသိမ်း ခြင်းရန်ပုံငွေ ကျပ်(၅၃၅ ဒဿမ ၈) သန်းဖြင့် ၁၂ ပေ အကျယ်ကတ္တရာလမ်း (၂ ဒဿမ ၂၆) ကီလိုမီတာကို (၁၈)ပေ အကျယ် ကတ္တရာလမ်းအဖြစ် အဆင့်တိုးမြှင့်ဆောင်ရွက် ပေးခြင်းနှင့် အခြားပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ဆောင်ရွက်ပြီးစီးဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ ကရင်ပြည်နယ်အစိုးရအဖွဲ့ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီနှင့် ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်း ကော်မတီမှ ကြီးမှူး၍ နွေရာသီ ကျောင်းအားလပ်ရက်တွင် ဖွင့်လှစ်သည့် သက်မွေးပညာကာလတို သင်တန်းများ ဆင်းပွဲကို မတ်လ ၂၆ ရက်နေ့ မွန်းလွဲ ၂ နာရီက အစိုးရနည်းပညာအထက်တန်းကျောင်း(ဘားအံ) နှစ်ထပ်ဆောင်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခြေခံကွန်ပျူတာသင်တန်း (၁/၂၀၂၄)နှင့်(၂/၂၀၂၄)၊ မိတ်ကပ်နှင့်ဆံပင်အလှပြုပြင်ခြင်းသင်တန်း (၁/၂၀၂၄)နှင့် အခြေခံစက်ချုပ်သင်တန်း(၁/၂၀၂၄) သက်မွေးပညာကာလတို သင်တန်းများ ဆင်းပွဲဖြစ်ပြီး သင်တန်းဆင်းပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသား၊ သင်တန်းသူများ အနေဖြင့် သင်ယူရရှိခဲ့သည့် ပညာရပ်များကို အကျိုးရှိရှိ အသုံးချတတ်ရန် လိုအပ်ပြီး သင်တန်း အမျိုးအစားအလိုက် ကိုယ်စွမ်း၊ဉာဏ်စွမ်းနှင့် ဝီရိယအားတို့ဖြင့် ပေါင်းစပ်၍ လုပ်ကိုင်ဆောင်ရွက်မှသာ သင်ယူရရှိခဲ့သည့် ပညာရပ်များကို အကျွမ်းတဝင် တတ်မြောက်သွားမည် ဖြစ်ကြောင်း၊ တတ်မြောက်ထားသည့် ပညာရပ်များကို မိမိတို့၏ စိတ်ကူးစိတ်သန်း အကြံဉာဏ်များ ဖြည့်စွက်၍ တီထွင်ကြံဆလုပ်ကိုင်နိုင်ခြင်းဖြင့် သင်တန်းသားများ၏ အလုပ်အကိုင် အခွင့်အလမ်းများ မလွဲမသွေ ရရှိလာမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အခြေခံစက်ချုပ်သင်တန်း (၁/၂၀၂၄)တွင် အထူးဆုရရှိသူ တစ်ဦးအား ခြေနင်းအပ်ချုပ်စက်တစ်လုံးနှင့် ဆက်စပ်ပစ္စည်းများနှင့် သင်တန်းများတွင် ထူးချွန် ပထမဆု ရရှိသူများကိုလည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက သင်တန်းထူးချွန် ဒုတိယ၊ တတိယနှင့် သင်တန်းဆင်းအောင် လက်မှတ်များကိုလည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ကြရာ သင်တန်းဆင်းသင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
အစိုးရနည်းပညာအထက်တန်းကျောင်း(ဘားအံ)တွင် သက်မွေးပညာကာလတို သင်တန်းများ အနေဖြင့် အခြေခံကွန်ပျူတာသင်တန်း(၂၇)ကြိမ်၊ မိတ်ကပ်နှင့်ဆံပင် အလှပြုပြင်ခြင်းသင်တန်း (၃)ကြိမ်နှင့် အခြေခံစက်ချုပ်သင်တန်း (၂၇)ကြိမ်တို့ကို ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး ဒေသလိုအပ်ချက်နှင့် ကိုက်ညီသော သက်မွေးပညာကာလတိုသင်တန်း အမျိုးအစားပေါင်း (၃၆)မျိုးကိုလည်း ဖွင့်လှစ် ပို့ချပေးနိုင်ခဲ့ရာ သင်တန်းသူ၊သင်တန်းသား စုစုပေါင်း ၅၀၀၀ ကျော်ကို သက်ဆိုင်ရာလုပ်ငန်းခွင် နယ်ပယ်များတွင် ဝင်ရောက်လုပ်ကိုင်နိုင်စေရေး သင်တန်းပေး ဆောင်ရွက်နိုင်ခဲ့ကာ ယနေ့ သင်တန်းဆင်းပွဲတွင် သင်တန်းသား၊ သင်တန်းသူ ၉၁ ဦး သင်တန်းဆင်းခဲ့ကြောင်းနှင့် သင်တန်းဆင်းပွဲ အပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များသည် သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေး၍ သင်တန်းဆင်း လက်ရာများကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အလားတူ ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော ငြိမ်းချမ်းရေးဖလား ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲကို မတ်လ ၂၀ ရက်နေ့မှ ဧပြီလ ၁ ရက်နေ့ထိ ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ဇွဲကပင် အားကစားကွင်း၌ ကျင်းပလျက်ရှိရာ မတ်လ ၂၆ ရက်နေ့ မွန်းလွဲ ၄ နာရီက ကရင်ပြည်နယ် အစိုးရအဖွဲ့ဘောလုံးအသင်းနှင့် ကရင်အမျိုးသားအစည်းအရုံး KNU ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ၊ ငြိမ်းချမ်းရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါပွဲစဉ်တွင် တစ်ဖက်တစ်ဂိုးစီဖြင့် သရေရလာဒ်ထွက်ပေါ်ခဲ့ကြောင်း သတင်းရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)