မြို့သစ်မြို့နယ်တွင် ရှင်အပါး (၅၀၀) ကုသိုလ်ပြုပါဝင်နိုင်ရေး ညှိနှိုင်းအစည်းအဝေးပြုလုပ်

မြို့သစ် မတ် ၂၈

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ကျင်းပပြုလုပ်မည့် ရှင်အပါး (၅၀၀၀) ရှင်ပြု အလှူမင်္ဂလာပွဲကြီးတွင် မြို့သစ်မြို့နယ်မှ ရှင်အပါး (၅၀၀) ကုသိုလ်ပြုပါဝင်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက မင်းရပ်ကွက်ရှိ   လေသာဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့သစ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းထက်က တောင်တွင်းကြီးမြို့နယ်၊ ရွှေရောင်တော်ဘုရားတွင် ကျင်းပပြုလုပ်မည့် ရှင်အပါး (၅၀၀၀) ရှင်ပြုအလှူပွဲတွင် မိမိတို့ မြို့နယ်မှရှင်အပါး (၅၀၀) ကုသိုလ်ပြုပါဝင်မည်ဖြစ်၍ ရှင်အပါး (၅၀၀) နှင့် အုပ်ထိန်းသူများ၊ ကြီးကြပ်ဆောင်ရွက်မည့် ဌာနဆိုင်ရာတာဝန်ရှိသူများ သွားလာရေးအတွက် မော်တော်ယာဉ်များ ရရှိအသုံးပြုနိုင်ရေး၊ ဌာနဆိုင်ရာများအဖွဲ့ခွဲ၍ ကြီးကြပ်ဆောင်ရွက်နိုင်ရေး၊ မော်တော်ယာဉ်များ ထားရှိမည့်နေရာ၊ ရှင်အပါး (၅၀၀) သီတင်းသုံးမည့် ကျောင်းတိုက်များ ခွဲဝေသတ်မှတ်ခြင်း၊  ရှင်အပါး (၅၀၀) နှင့် သံဃာတော်များအတွက် အာရုဏ်ဆွမ်း၊ နေ့ဆွမ်းဆက်ကပ်လှူဒါန်းနိုင်ရေးအတွက်  အလှူရှင်များ ရှာဖွေခြင်းနှင့်ယဉ်ကျေးလိမ္မာသင်တန်းများ ဖွင့်လှစ်နိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် ဆွေးနွေးပြောကြားသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ မြို့နယ်မော်တော်ယာဉ် ထိန်းသိမ်းရေးကြီးကြပ်မှုအဖွဲ့နှင့် ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများက  မြို့နယ်အတွင်းရှိ မော်တော်ယာဉ်များ အသုံးပြုနိုင်ရေးအတွက် ဆောင်ရွက်မည့်လုပ်ငန်းများ၊   သံဃာများ ဆွမ်းဆက်ကပ်နိုင်ရေးအတွက် အလှူရှင်များရှာဖွေရေးနှင့် ယဉ်ကျေးလိမ္မာသင်တန်းများ ဖွင့်လှစ်ရန်နည်းပြများရရှိရေး၊ သင်ထောက်ကူပစ္စည်းများ ထောက်ပံ့လှူဒါန်းနိုင်ရေးအတွက် ဆောင်ရွက်မည့် အခြေအနေများကို အသီးသီးဆွေးနွေးခဲ့ကြောင်း သိရသည်။

ဝင်းအိဇွန် (ပြန်/ဆက်)