မင်းဘူး မတ် ၂၈
မြန်မာနိုင်ငံအလယ်ပိုင်း အညာဒေသတစ်ခွင်သည် သနပ်ခါးအများအပြား စိုက်ပျိုးရာဒေသဖြစ်သောကြောင့် အောက်ပြည်အောက်ရွာဒေသများထက် ဝယ်ခြမ်းရသည်မှာ ဈေးသက်သာသကဲ့သို့ ရွှေဘိုဒေသထွက် ရှင်မတောင်သနပ်ခါးများကို လက်ဆောင်အဖြစ် ဝယ်ပေးပါက အင်မတန်မှ တင့်တယ်လှသည်။ ရှင်မတောင်သနပ်ခါးသည် အပွေးထူပြီးအကွက်ကျဲကာ သက်တမ်းရင့်သနပ်ခါးဖြစ်ပါက သင်းပျံ့ပြီး မွေးကြိုင်လှသကဲ့သို့ သနပ်ခါးလိမ်းထားသူ၏ မျက်နှာကိုလည်း ကြည်လင်၍ အေးမြစေပါသည်။
သနပ်ခါးသည် စွယ်စုံသုံး၍ရသောကြောင့် ကလေးကအစ လူကြီးအဆုံး ဘိုးဘွားများအထိ အမျိုးမျိုး သုံးစွဲကြသော်လည်း မြန်မာအမျိုးသမီးများက လှပရေးရာပစ္စည်းတစ်မျိုးအဖြစ် ခုံမင်နှစ်သက်စွာ လိမ်းခြယ်အသုံးပြုနေကြပြန်သည်။ အထူးသဖြင့် ကျေးလက်တောရွာနေ မိန်းမပျိုလေးများ အမြဲလိမ်းခြယ်ကြပြီး လယ်ထဲကောက်စိုက်သွားသည့်အချိန်၊ ညနေချမ်း ရေခပ်ဆင်းသည့်အချိန်၊ ဗိုင်းငင်သည့်အချိန်၊ အလှူမင်္ဂလာပွဲများနှင့် ဘုရားသွား၊ ဘုန်းတော်ကြီးကျောင်းများ သွားရောက်၍ ဆွမ်းဂျိုင့်၊ ဆွမ်းအုပ် ပို့သည့်အခါများတွင်လည်း သနပ်ခါးလေးများ လိမ်းခြယ်ထားပါက လှပတင့်တယ်ကာ ကျက်သရေရှိလှသည်။
မြန်မာ့သနပ်ခါးသည် သင်းပြန့်သောရနှံ့နှင့် ပြည့်စုံသည့်အပြင် လိမ်းကြံထားသူ၏ အသားအရေကို စိုပြေဝင်းဖန့်၍ လှပစေခြင်း၊ ချောမွတ်စေခြင်း၊ အေးမြစေခြင်း၊ စိတ်ကြည်လင်လန်းဆန်းစေခြင်း၊ နေရောင်ခြည်ဒဏ်မှကာကွယ်ပေးခြင်း စသောဂုဏ်အင်္ဂါများနှင့် ပြည့်စုံသည့်အပြင် ရေချိုးပြီးတိုင်း သနပ်ခါးကို ခုံမင်နှစ်သက်စွာ လိမ်းခြယ်ပါက လိမ်းခြယ်ထားသူ၏ မျက်နှာ ကြည်လင်ဝင်းဖန့်ကာ နူးညံ့၍ အမြဲလှပလျက်ရှိသည်။
ထို့အပြင် သနပ်ခါးသည် အပူကြောင့်ဖြစ်သော ဝေဒနာ၊ အအေးကြောင့်ဖြစ်သော ဝေဒနာ နှစ်မျိုးစလုံးအတွက် သွေးပြီးလိမ်းကြံခြင်းဖြင့် ကိုယ်တွင်းရှိ အခိုးများထွက်ကာ ရောဂါပျောက်ကင်းသည်။ အပူဒဏ်ကို ကာကွယ်ပေးသောကြောင့် နေပူထဲတွင် အလုပ်လုပ်သူများ သနပ်ခါးကို လိမ်းထားခြင်းဖြင့် အပူဒဏ်မှသက်သာစေသည်။ ခေါင်ကိုက်၊ ခေါင်းအုံ၊ ဇက်ကြောတက်၊ နှာခေါင်းပိတ်ခြင်းတို့အတွက် သနပ်ခါးကို သွေးပြီးရှူပေးခြင်းဖြင့် ဝေဒနာသက်သာစေသည်။ အမျိုးသမီးများ မီးယပ်ရောဂါအတွက် နနွင်းနှင့်သွေးပြီး လိမ်းပေရသည်။ အမျိုးသမီးရောဂါများကြောင့် ကိုယ်အမြဲပူနေလျှင် သနပ်ခါးကို ကံ့ကော်ဝတ်ဆံနှင့် ရောသွေးပြီး သကြားအနည်းငယ်ထည့်ကာ တိုက်ကျွေးနိုင်သည်။ အမျိုးသားများ ဆီးကြောင့်ဖြစ်တတ်သည့် ခေါင်းအုံ၊ ခေါင်းကိုက်၊ သွားကိုက်၊ မျက်စိဝေဝါးခြင်းတို့ကို သနပ်ခါးမြစ်သွေးပြီး သောက်ပေးရသည်။
ထိုကဲ့သို့ အမျိုးသမီးများအတွက် အလှအပရေးရာပစ္စည်းတစ်မျိုးအဖြစ် အသုံးပြု သုံးစွဲနိုင်ရုံသာမက တိုင်းရင်းဆေးအမျိုးမျိုးအဖြစ်သော်လည်းကောင်း၊ မြတ်စွာဘုရားရှင်အား ရည်မှန်း၍ပူဇော်ခြင်းနှင့် ဘုန်းတော်ကြီး ပူဇော်ပွဲများတွင်လည်းကောင်း ပူဇော်နိုင်သောကြောင့် အမျိုးမျိုး အသုံးပြုသုံးစွဲနိုင်သော မြန်မာ့သနပ်ခါးကို မန်းရွှေစက်တော်ဘုရားပွဲအပြန် အညာဒေသ၏ လက်ဆောင်ကောင်းတစ်ခုအဖြစ် ဝယ်ယူနိုင်တော့မည် ဖြစ်ပေတော့သည်။
ဇေယျာထက် (မင်းဘူး)