ဇလွန်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲ ပြုလုပ်

ဇလွန် မတ် ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများနှင့် ပတ်သက်၍ ပြည်သူများအကျယ်တဝင့် သိရှိနိုင်စေရန် အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် (၁၁)  နာရီတွင် ယင်းမလွတ်ကျေးရွာအုပ်စု ယင်းမလွတ် ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အသိပညာပေး ဆွေးနွေးပွဲတွင် ဟင်္သာတခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသူရိန်နှင့် တာဝန်ရှိသူများက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ နှင့်ပတ်သက်၍ ပြည်သူ့စစ်မှုထမ်းဥပဒေ၏ ရည်ရွယ်ချက်များ၊ စစ်မှုထမ်းရမည့်အသက်အရွယ် အပိုင်းအခြား၊ စစ်မှုထမ်းဆောင်ရမည့်ကာလ၊ စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ရမည့်သူများ၊ ပြည်သူ့စစ် မှုထမ်းဆောင်ခြင်းမှ ယာယီရွှေ့ဆိုင်းခွင့်ရနိုင်သူများ၊ ပြည်သူ့စစ်မှုထမ်းဥပဒေအရ ရရှိနိုင်မည့်အခွင့်အရေးများ၊ စစ်မှုထမ်းဆောင်ခြင်းကို ရှောင်လွှဲပါက ကျခံရမည့်ပြစ်မှု၊ ပြစ်ဒဏ်များ၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ စသည်တို့ကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် တက်ရောက်လာကြသည့် ပြည်သူများက ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းကြရာ ဟင်္သာတခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသူရိန်နှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြပြီး  ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။

ဝေယံ(ပြန်/ဆက်)