ငွေဆောင် မတ် ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ယမန်နေ့ တပ်မတော်နေ့၌ အနယ်နယ်အရပ်ရပ်မှ လာရောက်အပန်းဖြေကြသော ပြည်တွင်း၊ ပြည်ပခရီးသွား ဧည့်သည်များဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ငွေဆောင်ကမ်းခြေသည် ပင်လယ်ကမ်းရိုးတန်း ရှည်လျားခြင်း၊ သဲသောင်ပြင်နှင့် ပင်လယ်ရေ သန့်ရှင်းခြင်း၊ ဟိုတည်၊ ဧည့်ရိပ်သာများ၏ ဝန်ဆောင်မှုကောင်းမွန်ခြင်းတို့ကြောင့် နှစ်စဥ်ခရီးသွား ဧည့်သည် ဝင်ရောက်မှုများပြားရာ နေရာတစ်ခုဖြစ်ပြီး တပ်မတော်နေ့၊ အများပြည်သူ (ရုံးပိတ်ရက်) ၌ မြို့ထဲရှိ အမှတ်တရပစ္စည်းအရောင်းဆိုင်များတွင် စျေးဝယ်ယူနေကြသူများ၊ ကမ်းခြေတွင် လမ်းလျှောက်ကြသူများ၊ အပန်းဖြေနေကြသူများ၊ ရေကူးကြသူများ၊ speed boat, Banana Boat စီးကြသူများ၊ ငွေဆောင်၏ အထင်ကရကျွန်းများဖြစ်သော မြွေကျွန်း၊ လိပ်ကျွန်း၊ ငှက်ကျွန်း၊ ဆင်မကျွန်း၊ ကျွန်းလျားရှည်၊ ချစ်သူများကျွန်း၊ ဘုရားသုံးဆူနှင့် မိုးမခဆင်စခန်းသို့ သွားရောက်လည်ပတ်ကြသူများဖြင့် စည်ကားလျက်ရှိနေကြောင်း သိရသည်။
ငွေဆောင်ကမ်းခြေတွင် ဧည့်သည်များ အေးချမ်းပျော်ရွှင်စွာ အနားယူနိုင်ရေး၊ လုံခြုံမှုရှိစေရေး၊ ကမ်းခြေသန့်ရှင်းသာယာလှပရေး၊ ကမ်းခြေစျေးရောင်းချသည့် စျေးသည်များ သတ်မှတ်စည်းကမ်းနှင့် အညီ ရောင်းချမှုရှိစေရေးနှင့် ယာဥ်ကြောပိတ်ဆို့မှုမဖြစ်စေရေးတို့အတွက် ငွေဆောင်မြို့ အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်၊ ငွေဆောင်နယ်မြေရဲတပ်ဖွဲ့စခန်း၊ မြို့အဆင့်ဌာနဆိုင်ရာများ၊ ကမ်းခြေလုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များ ပူးပေါင်း၍ စစ်ဆေးကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
R – 014 (ငွေဆောင်)