ဘိုကလေး မတ် ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်မှ မြစိမ်းရောင်ကြေးသွန်း ဘုရားကြီးအတွင်း တည်ထားကိုးကွယ်တော်မူသည့် ဗျာဒိတ်ပေးဘုရားကြီး၏ မူလရွှေထီးတော်သည် တင်လှူထားခဲ့သည့် ခေတ်ကာလကြာမြင့်ခဲ့သည်ကတစ်ကြောင်း၊ ရာသီဥတုဒဏ်ခံရသည်က တစ်ကြောင်းကြောင့် ဟောင်းနွမ်းပျက်စီးခဲ့ပြီဖြစ်သဖြင့် သာသနာ့အနွယ်ဝင်တစ်ဦး၏ မတည်လှူဒါန်းမှု၊ မြစိမ်းရောင်ဘုရားကြီးဂေါပကအဖွဲ့များ၏ ကမကထပြုမှုများဖြင့် ယမန်နေ့ နံနက်(၈)နာရီအချိန်တွင် ဗျာဒိတ်ပေးဘုရားကြီး၏ ရွှေထီးတော်၊ ငှက်မြက်နားတော်၊ စိန်ဖူးတော် အသစ်တစ်ဖန် ပြန်လည်တင်လှူပူဇော်သည့် မင်္ဂလာ အခမ်းအနား ကျင်းပဆောင်ရွက်သည်။
အဆိုပါ မင်္ဂလာအခမ်းအနားသို့ ဘိုကလေးမြို့နယ်၏ ဩဝါဒစရိယဆရာတော်ကြီးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြစိမ်းရောင် ဘုရားကြီးဂေါပကအဖွဲ့များ၊ ဘုရားဒါယကာ/များ တက်ရောက်ကြပြီး အခမ်းအနား တက်ရောက်ကြသူများက ဘိုကလေးမြို့နယ်၊ ဇေယျာဘုံမြင့်ကျောင်းတိုက် ဆရာတော်ကြီးထံမှ သီလခံယူဆောက်တည်ခဲ့ကြသည်။
သီလခံယူအပြီး၌ ဘုရားကြီးအား တင်လှူပူဇော်မည့် ရွှေထီးတော်၊ ငှက်မြက်နားတော်၊ စိန်ဖူးတော်များအား ဆရာတော်ကြီးများထံကပ်လှူ၍ ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ တင်လှူပူဇော်မည့် ရွှေထီးတော်၊ ငှက်မြက်နားတော်၊ စိန်ဖူးတော်များအား ပင့်ဆောင်ကာ ဘုရားဝန်းအတွင်း (၃)ပတ် ပတ်၍ ပူဇော်ခြင်းတို့ ဆောင်ရွက်ပြီး ဆရာတော်ကြီးများ၏ လမ်းညွှန်မှုနှင့်အတူ ကုသိုလ်တော်ပြု ရွှေထီးတော်တင်လှူဆောင်ရွက်သည့် ရွှေဘုံမြင့် ထီးတော်တင်အဖွဲ့မှ ရွှေထီးတော်၊ ငှက်မြက်နားတော်၊ စိန်ဖူးတော်များအား ရထားယာဉ်ပျံနှင့် တင်လှူပူဇော်ခဲ့ကြကြောင်းနှင့် တင်လှူပူဇော်အပြီးတွင် ရွှေထီးတော် အောင်မြင်စွာ တင်လှူနိုင်ရေး အဖက်ဖက်မှ ဝိုင်းဝန်းလှူဒါန်းမှုများအတွက် ဇေယျာဘုံမြင့်ကျောင်းတိုက် ဆရာတော်ကြီးထံမှ ရေစက်သွန်းချ တရားတော် နာကြားခဲ့ကြကြောင်း သိရသည်။
မိုးစက်(ပြန်/ဆက်)