ပေါင်းတည် မတ် ၂၇
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အဖွဲ့ဝင်များလိုက်ပါလျက် ယနေ့နံနက် ၈ နာရီခွဲက နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ ကြူတောကန်ကျေးရွာအုပ်စု၊ ကြူတောကန် ကျေးရွာ၌ ပြုလုပ်သော ၂၀၂၄ ခုနှစ်၊နွေစပါးမြေသြဇာကြဲပက်ပွဲကိုတက်ရောက်ကြည့်ရှု အားပေးကြသည်။
အဆိုပါ မြေသြဇာကြဲပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စိုက်ပျိုးမှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်နှင့်အဖွဲ့ဝင်များ၊ကျေးရွာအုပ်စု စိုက်ပျိုးမှုကြီးကြပ်ရေးအဖွဲ့နှင့် နွေစပါးစိုက်တောင်သူများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။
ထို မြေသြဇာကြဲပက်ပွဲကို ကြူတောကန်ကျေးရွာ တောင်သူ ဦးမောင်စိုး၏ ၅ ဧကစိုက်ခင်း၌ လက်ဆွဲကောက်စက်ဖြင့်စိုက်ပျိုးထားခဲ့သော အထွက်ကောင်းဗီယက်နမ် နွေစပါးစိုက်ပျိုးခင်းတွင် ပြုလုပ်ကြပြီး သဘာဝမြေသြဇာ ၃ ဆနှင့် ဓာတ်မြေသြဇာ ၁ ဆတို့ အချိုးကျဖော်စပ်ကာ စနစ်တကျကြဲပက်ပြသကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် နံနက် ၉ နာရီတွင် ပေါင်းတည်မြို့၊ ရွှေတောင်လမ်းရှိ ပြည့်စုံအောင်မြင် အဆင့်မြင့်ပေါင်းဆန်စက်သို့ သွားရောက်ကြည့်ရှုရာ မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးထင်ဇော်လှိုင်နှင့်အဖွဲ့က ကြိုဆိုကြပြီး ဆန်စက်အတွင်း လှည့်လည်ကြည့်ရှုကြရာ တာဝန်ရှိသူများကတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့အား အဆင့်မြင့် ဆန်ထုတ်လုပ်တင်ပို့နေမှုအခြေ အနေများကို ရှင်းလင်းပြသကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပေါင်းတည်မြို့နှင့်ဘိုးသာအောင် ကုန်းတံတားအကြား၌ ဒေသထွက်ပြောင်းဖူးများ ရောင်းချနေမှုများကို ကြည့်ရှုအားပေးခဲ့ကြကြောင်းသိရသည်။
သူရကြီး