ပဲခူးမြို့၌ ကြိမ်၊ ဝါးအ​ခြေခံ လက်မှုထည်ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်ပွဲကျင်းပ

ပဲခူး ​​မတ်၂၇

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ပဲခူးတိုင်းဒေသကြီး အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (MSME Agency)က ကြီးမှူး၍ပဲခူးမြို့၊ သီရိဟံသာခန်းမ၌ တိုင်းဒေသကြီးအတွင်း ကုန်ထုတ် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများဖြစ်ထွန်းပေါ်ပေါက် လာစေရန်ရည်ရွယ်၍  ယမန်နေ့က ကြိမ်၊ ဝါးအခြေခံလူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။   

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ အတွင်းရေးမှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ ဦးအေးမောင်ကြည်က အဖွင့်အမှာစကားပြောကြားပြီး  သင်တန်းသား/သူများအား လက်သုံးကိရိယာများကိုလည်းကောင်း၊ သင်တန်းနည်းပြများအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှပေးအပ်သည့် ဂုဏ်ပြုချီးမြှင့်ငငွေအားလည်းကောင်း‌ပေးအပ်ခဲ့သည်။

ယင်းနောက် သင်တန်းနည်းပြတစ်ဦးက သင်တန်းတွင် သင်ကြား‌ရေးဆိုင်ရာများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့်တာဝန်ရှိသူများက သင်တန်းသား/သူများနှင့် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြကာ ခင်းကျင်းပြသထားသည့် သင်တန်းမှထုတ်ကုန် ပစ္စည်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါသင်တန်းဖွင့်ပွဲအခမ်း အနားသို့  တိုင်းဒေသကြီးအဆင့် MSME Agency အဖွဲ့ဝင်များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သူ (၂၀)ဦးတို့ တက်ရောက်ကာ သင်တန်းအားမတ်လ (၂၆)ရက်နေ့မှ ဧပြီလ()ရက်နေ့အထိ(၁၄)ရက်ကြာဖွင့်လှစ်မည်ဖြစ်ပြီး ကြိမ်နှင့်ဝါးအခြေခံ လက်မှုထည်အမျိုးမျိုးတို့ကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)