မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် (၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် RCC နှစ်ထပ် ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနား တက်ရောက်

မကွေး  မတ် ၂

(၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  RCC နှစ်ထပ် ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီက မကွေးမြို့နယ် ညောင်ပင်ကျေးရွာ၊  အခြေခံပညာအလယ်တန်းကျောင်းခွဲရှိ အဆိုပါကျောင်းဆောင်သစ်ရှေ့၌ ကျင်းပရာ  အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊  တိုင်းဒေသကြီးဥပဒေချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊  ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ကျောင်းဆောင်သစ်အား မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်း၊ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်နှင့် တိုင်းဒေသကြီးဥပဒေချုပ် ဦးတင့်ဝေတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် အခြေခံပညာဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုအစိုးရ ခွင့်ပြုရန်ပုံငွေဖြင့် ညောင်ပင်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)မှာ အန္တရာယ်ရှိတဲ့သွပ်မိုး အုတ်ညှပ် အန္တရာယ်ဆောင်ကို ဖျက်သိမ်းပြီး တန်ဖိုးငွေကျပ်(၂၉၂.၉၇၁)သန်း တန်ဖိုးရှိ ယခု  (၁၀၀ပေx၃၀ပေ) RCC နှစ်ထပ် ကျောင်းဆောင်သစ်ကို ဒီဇိုင်းမန္တလေး ကုမ္မဏီက တာဝန်ယူတည်ဆောက်ခဲ့တာဖြစ်ကြောင်း၊ ကျောင်းသား၊ကျောင်းသူများအား အရည်အသွေးပြည့်ဝသော လူစွမ်းအားအရင်း အမြစ်များ ဖွံဖြိုး တိုးတက်လာစေရန်အတွက်  ဗလငါးတန် ဖြစ်တဲ့ ကာယဗလဉာဏဗလစာရိတ္တဗလမိတ္တဗလဘောဂဗလဆိုတဲ့ ဘက်စုံပညာ ပြည့်ဝနိုင်သူများဖြစ်စေရေး ဆရာ၊ဆရာမများ၊ မိဘပြည်သူများကလက်ဆင့်ကမ်းပေးကြစေလိုကြောင်း ပြောကြားသည်။

ယင်းနောက် ဒီဇိုင်းမန္တလေး ဆောက်လုပ်ရေးကုမ္ပဏီက ကျောင်းဆောင်သစ်နှင့် ပတ်သက်သည့် စာရွက်စာတမ်းများအား ကျောင်းအုပ် ဆရာကြီးထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများအား ကျောင်းဆောင်သစ်ဖွင့်ပွဲအထိမ်းအမှတ် အလံများကို ကုမ္ပဏီမှ တာဝန်ရှိသူများက  ပေးအပ်သည်။

ထို့နောက် ကျောင်းဆောင်သစ်ဖွင့်လှစ်ပေးရခြင်းနှင့် ပတ်သက်၍ ကျေးရွာအုပ်ချုပ်ရေးမှူးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး အခမ်းအနားအပြီးတွင် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကျောင်းဆောင်သစ်အား  လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

အောင်ကို(ပြန်/ဆက်)