မကွေး မတ် ၂၇
မကွေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ထနှောင်းရင်ခွင်စာပေဝိုင်းတို့ ပူးပေါင်းဖွင့်လှစ်သည့် အင်္ဂလိပ်စာ Primary Grammarနှင့် ဆောင်းပါး၊ ကဗျာ၊ ဝတ္ထုတိုရေးနည်း အခြေခံ သဘောတရားသင်တန်းကို ကျောင်းသား၊ ကျောင်းသူများအား မကွေးခရိုင် လူထုအခြေပြု ဗဟိုဌာန (Community Centre)၌ မတ်လ ၁၁ ရက်နေ့မှ စတင်၍ အခမဲ့သင်ကြားပေးလျက်ရှိရာ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နှင့် အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ ယနေ့နံနံပိုင်းက စာရေးကိရိယာများ လာရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ယုဇနကျော်နှင့်အဖွဲ့ဝင်များသည် မကွေးခရိုင်ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ဝိုင်းဆောင်ရွက်ခဲ့ပြီး ပြတိုက်ငယ်(Mini Museum)၌ ခင်းကျင်းပြသထားသည့် ပစ္စည်းများအား လှည့်လည်ကြည့်ရှုခဲ့သည်။
ထို့နောက် မကွေးခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre) တွင် ကျောင်းသား၊ ကျောင်းသူများ အင်္ဂလိပ်စာ Primary Grammar နှင့် ဆောင်းပါး၊ ကဗျာ၊ ဝတ္ထုတိုရေးနည်း အခြေခံ သဘောတရားသင်ကြားနေမှုကို ကြည့်ရှုအားပေးကာ ကျောင်းသား၊ ကျောင်းသူများအတွက် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခဲ့ပြီး အဆိုပါ သင်တန်းတွင် ကျောင်းသား၊ကျောင်းသူ ၄၁ ဦးအား သင်တန်းနည်းပြများက သက်ဆိုင်ရာ ဘာသာရပ်များအလိုက် မတ်လ ၃၀ ရက်နေ့အထိ သင်ကြားပို့ ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ကို(ပြန်/ဆက်)