အရာတော်မြို့ လူထုအခြေပြုဗဟိုဌာနတွင် လူငယ်စာပေဝါသနာရှင်များနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ

အရာတော် မတ် ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် လူငယ်များ စာအုပ်စာပေဖတ်ရှုသည့် အလေ့အကျင့်များ ရရှိစေရန် ယမန်နေ့ မွန်းတည့် (၁၂) နာရီက လူငယ်စာပေဝါသနာရှင်များ စုပေါင်းပြီး စာရေးဆရာ ခေတ်ဘုန်းသစ် ရေးသားသည့် "ယဉ်ကျေးတဲ့ သမီး ယဉ်ကျေးတဲ့ သား" စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူးက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် တက်ရောက် လာသည့် လူငယ်စာပေဝါသနာရှင်များက "ယဉ်ကျေးတဲ့ သမီး ယဉ်ကျေးတဲ့ သား"  စာအုပ်တွင် ပါရှိသော ယဉ်ကျေး ခြင်းဟာ ကလေးတို့အတွက် အင်မတန်အရေးကြီးတဲ့ ပေါင်းသင်းဆက်ဆံရေးစွမ်းရည် (Social Skill) တစ်ခု ဖြစ်ပြီး တိုးတက်ကောင်းမွန်အောင် လုပ်ပေးနိုင်ကြောင်း၊ ယဉ်ကျေးတဲ့ လူမှုအဖွဲ့အစည်းတစ်ခု ဖြစ်လာစေဖို့ ကလေးတို့ကို ငယ်စဉ်ကတည်းက ယဉ်ကျေးလိမ္မာအောင် မိဘတို့က သွန်သင်ဆုံးမကြရမည်ဖြစ်ကြောင်း၊ တချို့က လူကြီးရှေ့မှာတော့ လိမ္မာယဉ်ကျေးပါရဲ့ လူကြီးကွယ်ရာရောက်တာနဲ့ အင်မတန်ဆိုးသွမ်းတဲ့ ဟန်ဆောင်လူယဉ်ကျေးလေးတွေ ဖြစ်လာကြောင်း စသည့်အကြောင်းအရာ အချက်အလက်များကို ဖတ်ကြားပြီး မိမိသဘောထားအမြင်များဖြင့် သုံးသပ် ဆွေးနွေးခဲ့ကြောင်း သိရသည်။

  မြို့နယ်(ပြန်/ဆက်)