စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ကြက်သွန်နီအထူးဇုန်နှင့် စံပြစိုက်ခင်းစိုက်ပျိုးတောင်သူများအား ပံ့ပိုးပစ္စည်း ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်

မုံရွာ  မတ် ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ၊ ယင်းမာပင် ခရိုင်အတွင်းရှိ မြို့နယ်များသို့ လက်ဆွဲမျိုးစေ့ချကိရိယာ (Drum Seeder)ပေးအပ်ပွဲအခမ်း အနား အဓိကစိုက်ပျိုးသီးနှံများပန်းတိုင်အထွက်နှုန်းတိုးတက်ရေး စာတမ်းဖတ်ပွဲနှင့် ကြက်သွန်နီအထူးဇုန်နှင့် စံပြစိုက်ခင်းစိုက်ပျိုးတောင်သူများ အား ပံ့ပိုးပစ္စည်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး မြေ၊ မျိုး၊ ပိုးရုံး စိုက်ပျိုးရေးဦးစီးဌာန သင်တန်းခန်းမတွင် ကျင်းပရာအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဒေသခံတောင်သူများ တက်ရောက်ကြသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး မြေ၊မျ်ုး၊ပိုးရုံး စိုက်ပျိုးရေးဦးစီးဌာနသို့ရောက်ရှိပြီး အဆိုပါရုံးတွင် ၇၉ နှစ်မြောက်အထိမ်းအမှတ် ခင်းကျင်းပြသထားသော စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာနအောက်ရှိ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနပြခန်း၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနပြခန်း၊ ငါးလုပ်ငန်းဦးစီးဌာနပြခန်း၊ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနပြခန်းတို့အား လှည့်လည်ကြည့်ရှုအားပေးပြီး တိုင်ဒေသကြီးဝန်ကြီးချုပ်က သက်ဆိုင် ရာကဏ္ဍအလိုက် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာနမှ ညွှန်ကြားရေးမှူးက မုံရွာခရိုင်နှင့် ယင်းမာပင် ခရိုင်အတွင်းရှိ မြို့နယ်များသို့ လက်ဆွဲမျိုးစေ့ချကိရိယာ(Drum Seeder)ပေးအပ်ရ ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီးနောက်  တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့က မုံရွာခရိုင် နှင့်ယင်းမာပင်ခရိုင်အတွင်းရှိ မြို့နယ်များမှ စိုက်ပျိုးရေးဦးစီးမှူးများထံ လက်ဆွဲမျိုးစေ့ချကိရိယာ (Drum Seeder)အား  အသီးသီး ထောက်ပံ့ ပေးအပ်ကြသည်။

ယင်းနောက်အဆိုပါ စစ်ကိုင်းတိုင်းဒေသကြီး မြေ၊မျိုး၊ပိုး ရုံးဝန်းအတွင်း တောင်သူနည်းပညာပေး စိုက်ခင်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို အားလုံးပူးပေါင်း ဆောင်ရွက်ကြရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ဆက်လက်ပြီး အဓိက စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းတိုးတက်ရေး စာတမ်းဖတ်ပွဲကို သင်တန်းခန်းမတွင်ဆက်လက်ကျင်းပရာ   တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတိုင်းဒေသကြီးအနေဖြင့် နှစ်စဉ် မိုးစပါးဧက ၁၈ သိန်းကျော်နှင့် နွေစပါးဧက ၂ သိန်းကျော် စိုက်ပျိုးနေသည့် တိုင်းဒေသကြီး တစ်ခုဖြစ်ပါကြောင်း၊ စပါးပန်းတိုင်အထွက်နှုန်း တစ်ဧတင်း(၁၀၀) ထွက်ရှိရေးအတွက် မျိုးကောင်းမျိုးသန့်များသုံးစွဲသွားကြရန် လိုအပ်သကဲ့သို့ စိုက်ပျိုးနည်းစနစ် မှန်ကန်မှုသည်လည်း အဓိကအရေးကြီးသည့် အချက်တစ်ခုဖြစ်ပါကြောင်း၊ ပန်းတိုင်အထွက်နှုန်းအား လျော့ကျစေမည့် တိုက်ရိုက်အစေ့ချစိုက်ပျိုးခြင်းနှင့် ကြဲပက်စိုက်ပျိုးခြင်းများထက် လက်ဆွဲ မျိုးစေ့ချကိရိယာ Drum Seeder များအား အသုံးပြုစိုက်ပျိုးနိုင်ရန်အတွက် မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ယခုလို ထောက်ပံ့ပေးအပ်ခြင်း ဖြစ်ပါကြောင်း၊ လက်ဆွဲမျိုးစေ့ချကိရိယာများအား အသုံးပြုစိုက်ပျိုးခြင်းဖြင့် မျိုးစေ့ကုန်ကျမှုသက်သာခြင်း၊ အချိန်ကုန်သက်သာခြင်း၊ လုပ်ငန်းပြီးစီး မှုမြန်ဆန်လာမှာဖြစ်ပြီး စိုက်ပျိုးသည့်သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် တာဝန်ရှိသူ အားလုံးအနေဖြင့်စည်းလုံးညီညွတ်စွာဖြင့် မိမိကောင်းကျိုး၊ ရပ်ရွာကောင်းကျိုး၊ ဒေသကောင်းကျိုးများအတွက် ပူးပေါင်းဆောင်ရွက်သွားကြ ရန်လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းလှိုင်ဦးက စာတမ်းဖတ်ပွဲနှင့်ပြပွဲများကျင်းပပေးရခြင်းနှင့် ပတ်သက်၍လည်းကောင်း၊ တိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသောင်းထိုက်က Drum Seeder များပေးအပ်ရခြင်း နှင့် ပတ်သက်၍လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်ရီလင်းထွဋ်က မြန်မာ့ဆန် ပို့ကုန်ပိုမိုတိုးမြှင့်တင်ပို့နိုင်ရေးတို့အား အသီးသီး ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး၊ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်ပညာရှင်များက ဆီထွက်သီးနှံ၊ ပဲမျိုးစုံ ပန်းတိုင်အထွက်နှုန်းရရှိရေး အခြေခံလိုအပ်ချက်များနှင့် တောင်သူနည်းပညာပေးမှုမြင့်တင်ရေး မီဒီယာ၏လအခမ်းကဏ္ဍများအား အသီးသီးဆွေးနွေးတင်ပြကြပြီး နောက် တက်ရောက်လာသူများ၏ မေးမြန်းမှုများကို တာဝန်ရှိသူများကပြန်လည်ဖြေကြားပေးခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်းသိရသည်။

ယင်းနောက် မုံရွာနယ်ကြက်သွန်နီအထူးဇုန်နှင့် စံပြစိုက်ခင်းစိုက်ပျိုးတောင်သူများအား ပံ့ပိုးပစ္စည်းပေးအပ်ပွဲ အခမ်းအနားကိုကျင်းပရာ တက်ရောက်လာသောတောင်သူများထံသို့  ဝါမျိုးစေ့၊ နေကြာမျိုးစေ့၊ ကွန်ပေါင်းမြေဩဇာ၊ ပုလဲမြေဩဇာနှင့် ရွက်ဖျန်းမြေဩဇာတို့ကို အသီးသီးပံ့ပိုး ပေးအပ်ခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက  တက်ရောက်လာသူ တောင်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

ခရိုင်(ပြန်/ဆက်)