ခမောက်ကြီးမြို့တွင် နွေရာသီဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်း ဖွင့်လှစ်

ခမောက်ကြီး မတ် ၂၇

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင်၊ နွေရာသီဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းကို ယမန်နေ့‌ နေ့လည်ပိုင်းက တိလောကာရုံကျောင်းတိုက် ပဓာနနာယကဆရာတော်ကြီးမှူး၍ (အ.ထ.က) ခမောက်ကြီးကျောင်းတွင် သင်တန်းဖွင့်ပွဲ အခမ်းအနားပြုလုပ်ခဲ့သည်။

အခမ်းအနားကို နမောတဿ (၃) ကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး တိလောကာရုံကျောင်းတိုက် ဆရာတော်ထံမှ ဩဝါဒခံယူခဲ့ကြသည်။ ယင်းနောက် မြို့အုပ်ချုပ်ရေးမှူး ဦးထိန်လင်းမှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ဌာနဆိုင်ရာများအနေဖြင့် သင်တန်းဖြစ်မြောက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးမည့် ကိစ္စရပ်များအား ပြောကြားပြီး သင်တန်းအတွက် လိုအပ်သည့် သင်ကြားရေးပစ္စည်းများအား သင်တန်းနည်းပြဆရာ၊ ဆရာမများနှင့် သင်တန်းသားများထံသို့ လှူဒါန်းခဲ့ကြပြီး သင်တန်းဖွင့်လှစ်ခဲ့ကြသည်။

အဆိုပါ သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ခမောက်ကြီးမြို့ တိလောကာရုံပရိယတ္တိ စာသင်တိုက်မှ နာယကဆရာတော်၊ တိုက်အုပ်/စာချဆရာတော်၊ မြို့အုပ်ချုပ်ရေးမှူး ဦးထိန်လင်းနှင့် ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများ၊ မြို့မိမြို့ဖများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခမောက်ကြီး( ပြန်/ဆက်)