ကန်ကြီးထောင့်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ အသိပညာပေးဟောပြောခြင်းများအား စဉ်ဆက်မပြတ်ဆောင်ရွက်

ကန်ကြီးထောင့်   မတ်   ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် အသိပညာပေးဟောပြောပွဲ အခမ်းအနားများအား မြို့ပေါ်ရပ်ကွက်၊ ကျေးရွာများတွင် အစဉ်မပျက် ဆောင်ရွက်လျက်ရှိရာ  ယမန်နေ့နံနက် (၁၀)နာရီအချိန်က မြင်းကဆိပ်ကျေးရွာအုပ်စု၊ မြင်းကဆိပ်ကျေးရွာဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ ဟောပြာပွဲဆောင်ရွက်ရာတွင်  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဇင်မာဦးနှင့် ဌာနဆိုင်ရာအကြီးအကဲများကပြည်သူများ သိရှိနားလည်နိုင်စေရန်အတွက် ပြည်သူ့စစ်မှုထမ်းဆိုင်ရာကိစ္စရပ်များဖြစ်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေ၏ ရည်ရွယ်ချက်များ၊ စစ်မှုထမ်းရမည့်အသက်အရွယ်၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ အမျိုးသားရေးတာဝန်၊ စိုးရိမ်ရန် မလို‌ကြောင်း၊ ဘာကြောင့်ပြည်သူ့စစ်မှုထမ်း စနစ်ကျင့်သုံးရတာလဲ၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ၊ ကင်းလွတ်ခွင့်များနှင့် ယာယီရွှေ့ဆိုင်းနိုင်သူများ အစရှိသည်များအား ဆွေးနွေးဟောပြောခဲ့ကြသည်။

ထို့နောက်  တာဝန်ရှိသူများက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ သိကောင်းစရာ လက်ကမ်းစာစောင်များအား ပြည်သူများထံသို့ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြပြီး အဆိုပါဟောပြောပွဲ အခမ်းအနားသို့ ကျေးရွာနေ ပြည်သူများကတက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကျော်ဇင်စိုး (ပြန်/ဆက်)