မုံရွာ မတ် ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်အတွင်းရှိ မြို့နယ်များသို့ လက်ဆွဲမျိုးစေ့ချကိရိယာ (Drum Seeder)ပေးအပ်ပွဲအခမ်းအနားကို မတ်လ ၂၅ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံးရှိ မြတ်ဇေယျာခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဒေသခံတောင်သူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတိုင်းဒေသကြီးအနေဖြင့် နှစ်စဉ်မိုးစပါး ဧက ၁၈ သိန်းကျော်နှင့် နွေစပါးဧက ၂ သိန်းကျော် စိုက်ပျိုးနေသည့် တိုင်းဒေသကြီး တစ်ခုဖြစ်ပါ ကြောင်း၊ စပါးပန်းတိုင်အထွက်နှုန်း တစ်ဧတင်း(၁၀၀) ထွက်ရှိရေးအတွက် မျိုးကောင်းမျိုးသန့် များသုံးစွဲသွားကြရန် လိုအပ်သကဲ့သို့ စိုက်ပျိုးနည်းစနစ် မှန်ကန်မှုသည်လည်း အဓိကအရေးကြီးသည့် အချက်တစ်ခုဖြစ်ပါကြောင်း၊ ပန်းတိုင်အထွက်နှုန်းအား လျော့ကျစေမည့် တိုက်ရိုက် အစေ့ချစိုက်ပျိုးခြင်းနှင့် ကြဲပက်စိုက်ပျိုးခြင်းများထက် လက်ဆွဲမျိုးစေ့ချကိရိယာ Drum Seeder များအား အသုံးပြုစိုက်ပျိုးနိုင်ရန်အတွက် မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ယခုလို ထောက်ပံ့ ပေးအပ်ခြင်း ဖြစ်ပါကြောင်း၊
လက်ဆွဲမျိုးစေ့ချကိရိယာများအား အသုံးပြုစိုက်ပျိုးခြင်းဖြင့် မျိုးစေ့ကုန်ကျမှုသက်သာခြင်း၊ အချိန်ကုန်သက်သာခြင်း၊ လုပ်ငန်းပြီးစီးမှုမြန်ဆန်လာမှာဖြစ်ပြီး စိုက်ပျိုးသည့်သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် တာဝန်ရှိသူအားလုံးအနေဖြင့် စည်းလုံးညီညွတ်စွာဖြင့် မိမိ ကောင်းကျိုး၊ ရပ်ရွာကောင်းကျိုး၊ ဒေသကောင်းကျိုးများအတွက် ပူးပေါင်းဆောင်ရွက်သွားကြ ရန်လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာနမှ ညွှန်ကြားရေးမှူးက စစ်ကိုင်းခရိုင်အတွင်းရှိ မြို့နယ်များသို့ လက်ဆွဲမျိုးစေ့ချကိရိယာ(Drum Seeder)ပေးအပ်ရခြင်းနှင့် ပတ်သက်၍လည်းကောင်း၊ စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌက ခရိုင်အတွင်းဆောင်ရွက် နေသည့်လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က စစ်ကိုင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးမှူးထံ လက်ဆွဲမျိုးစေ့ချကိရိယာ (Drum Seeder)အား လည်းကောင်း၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးက မြင်းမူမြို့နယ်၊ စိုက်ပျိုးရေးဦးစီးမှူးထံ လက်ဆွဲမျိုးစေ့ချကိရိယာ (Drum Seeder) အား လည်းကောင်း၊ တိုင်းဒေသကြီး လမ်းပန်ဆက်သွယ်ရေးဝန်ကြီးက မြောင်မြို့နယ်၊ စိုက်ပျိုးရေးဦး စီးမှူးထံ လက်ဆွဲမျိုးစေ့ချကိရိယာ (Drum Seeder)အားလည်းကောင်း အသီးသီး ထောက်ပံ့ ပေးအပ်ကြသည်။
ထို့နောက် ဒေသခံတောင်သူများကိုယ်စား တောင်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။ ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက် လာသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြ သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းစက်မှုဇုန်ရှိ Blue Bird သံနှင့်ပလပ်စတစ် လူသုံးကုန်ပစ္စည်းအမျိုးမျိုး ထုတ်လုပ်ရေးစက်ရုံသို့ ရောက်ရှိရာ စက်ရုံတာဝန်ခံမှ စက်ရုံအတွင်း လူသုံးကုန်သံပစ္စည်း ၁၆ မျိုးကျော်နှင့် ပလပ်စတစ်ပစ္စည်းမျိုးစုံ ၂၀၀ ကျော် ထုတ်လုပ်နေမှုများအား လိုက်လံရှင်းလင်းပြသရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ထုတ်ကုန်ပစ္စည်းများ အရည်အသွေးပြည့်မီပြီး ပြည်သူများဈေးနှုန်းသင့်တင့်စွာဖြင့် ဝယ်ယူအသုံးပြုနိုင်ရေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးတို့အား အလေးထားဆောင်ရွက်သွားကြရန် မှာကြားခဲ့ပြီး သံနှင့်ပလပ်စတစ် လူသုံးကုန်ပစ္စည်း အမျိုးမျိုး ထုတ်ကုန်များ ခင်းကျင်းပြသထားရှိမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကောင်းကြိုက်အဆင့်မြင့် ကြက်ဉဂျူံခေါက်ဆွဲ စက်ရုံသို့ရောက်ရှိရာ စက်ရုံတာဝန်ခံမှ ဂျူံခေါက်ဆွဲ ထုတ်လုပ်နေမှုများနှင့် ထုပ်ပိုးနေမှုများအား လိုက်လံရှင်းလင်းပြသရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ရှင်းလင်းပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး၊ပြန်/ဆက်