ဇီးကုန်း နိုဝင်ဘာ ၅
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက် နေ့၌ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ များသည် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် Quarantine ဝင်ရောက်နေသောကြောင့် မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ကော်မရှင် အဖွဲ့ခွဲများက သက်ဆိုင်ရာ Quarantine Centre အသီးသီးသို့သွားရောက်၍ ကြိုတင်ဆန္ဒမဲများ ကောက်ခံလျက် ရှိကြောင်း သိရသည်။
ဇီးကုန်းမြို့နယ်အတွင်း ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ ကြိုတင်ဆန္ဒမဲပေးခြင်းကို အောက်တိုဘာလ ၂၉ ရက်နေ့မှ နိုင်ဝင်ဘာလ ၅ ရက်နေ့အထိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကြိုတင်ဆန္ဒမဲရုံများဖွင့်လှစ်ပြီး ကောက်ခံလျှက်ရှိရာ ကျန်းမာရေး အခြေအနေကြောင့် မဲရုံများသို့ သွားလာရေးခက်ခဲနေသူများကို နိုဝင်ဘာလ ၆ ရက်နှင့် ၇ ရက်နေ့ တို့တွင် အိမ်တိုင်ရာရောက် လိုက်လံကောက်ခံပေးသွားမည်ဖြစ်ပြီး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် Quarantine Centre (၁၇) ခုမှ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ (၆၃) ဦး၊ မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေသော ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၇) ဦးတို့အား သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲများမှ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီ များ မှ ကိုယ်စားလှယ်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ ၊ ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများနှင့် ပူးပေါင်းကာ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဆန္ဒမဲပေးခြင်းလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် ပူးပေါင်း ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
တင့်ဆွေ(ပြန်/ဆက်)