ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များ (၇၉)နှစ်မြောက်တပ်မတော်နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဒရယ်ကူး ၆၆/၁၁ ကေဗွီ ၁၀ အမ်ဗွီအေ ဓာတ်အားခွဲရုံ ဖွင့်လှစ် 

သာပေါင်း မတ် ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ကျီးပင် ကျေးရွာအုပ်စု၊ ဒရယ်ကူးကျေးရွာတွင် မတ်လ ၂၅ ရက်နေ့၊ မွန်းလွဲ ၁ နာရီခွဲအချိန်က (၇၉)နှစ်မြောက်တပ်မတော်နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဒရယ်ကူး ၆၆/၁၁ ကေဗွီ ၁၀ အမ်ဗွီအေ ဓာတ်အားခွဲရုံ ဖွင့်ပွဲကျင်းပပြုလုပ်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ သယံဇာတရေးရာဝန်ကြီး၊ အင်ဂျင်နီယာချုပ် (ဓာတ်အားဖြန့်ဖြူးရေးဌာန)လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းတို့မှ ဒရယ်ကူး ၆၆/၁၁ ကေဗွီ ၁၀ အမ်ဗွီအေ ဓာတ်အားခွဲရုံအား ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့ကြပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းက အဖွင့်အမှာစကားပြောကြားရာ ဒေသခံပြည်သူဦးမြင့်အောင်မှ ကျေးဇူးတင် ဝမ်းမြောက်စကား ပြန်လည်ပြောကြားခဲ့သည်။

ထို့နောက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်၊ သယံဇာတရေးရာဝန်ကြီးဦးအုန်းမြင့်နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ပြည်ထောင်စုဝန်ကြီးဌာနအင်ဂျင်နီယာချုပ် ဦးမျိုးဝင်းနှင့်တိုင်းဒေသကြီး၊ ခရိုင်၊မြို့နယ်လျှပ်စစ်မှ တာဝန်ရှိသူများ၊ ပုသိမ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရည်မွန်၊ အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီး စောအောင်သိုက်နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့်အဖွဲ့ဝင်တို့က ဓာတ်အားခွဲရုံအတွင်း လှည့်လည်ကြည့်ရှုပြီး ကမ္ဘဲ့ညောင်ကုန်း ကျေးရွာအုပ်စု၊စက်ဒေါင့်ကြီး ကျေးရွာအတွင်း လျှပ်စစ်မီးတပ်ဆင်ပြီး လျှပ်စစ်မီးလင်းသည့် ကျေးရွာ‌နေပြည်သူများ၏ နေအိမ်များသို့ ဝင်ရောက်ကြည့်ရှုအားပေးခဲ့သည်။

ဆက်လက်၍ ငါးဘတ်ချောင်း ကျေးရွာအုပ်စု၊လယ်တီကြီး ကျေးရွာတွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) (၁.၅)ဧကရိတ်သိမ်း ခြွေလှေ့ နေရာသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့ကြည့်ရှုအားပေးရာ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမျိုးမြင့်လွင်၏ ရှင်းလင်းတင်ပြချက်များအပေါ် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်မှ အထွက်နှုန်းမှတ်တမ်းတင်ရန်၊ ကျေးရွာအုပ်စု မျိုးစေ့လုံလောက်မှ ရှိရေး၊ ၂၀၂၄ ခုနှစ် မိုးစပါးရာသီတွင် မြေမြှုပ်စိုက်ပျိုးရေးအတွက်ကြိုတင်ဆောင်ရွက်ရန်တို့ကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

မျိုးဇော်သိန်း