ကျုံပျော် မတ် ၂၇
နွေရာသီ အားလပ်ရက်တွင် ကလေးများ အပန်းပြေစေရန်နှင့် ကာယကြံ့ခိုင်မှုရှိစေရန်နှင့် မျိုးဆက်သစ်အားကစား သမားများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့် ကာယ ပညာဦးစီးဌာနတို့ ပူးပေါင်းကာ မြို့နယ်ရုံး Community Centre တွင် နွေရာသီအေရိုးဗစ် အားကစားသင်တန်း ဖွင့်လှစ်ခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းစိုးကကလေးများ စိတ်လက်အပန်းပြေစေရန်နှင့် နွေရာသီ အားလပ်ရက်ကို အကျိုးရှိစွာ အသုံးချတတ်စေရန် ယခုသင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ကြောင်း အမှာစကား ပြောကြားပြီး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ငြိမ်းစန္ဒာမိုးက အေးရိုးဗစ်ကစားခြင်းကြောင့် ရရှိမည့်အကျိုးကျေးဇူးနှင့် သင်ကြားပေးမည့် အစီအစဉ်အား ရှင်းလင်းပြောကြားသည်။
ထို့နောက် အေးရိုးဗစ်နည်းပြ ဆရာမ ဒေါ်ငြိမ်းစန္ဒာမိုးက အေးရိုးဗစ် သင်တန်းအား ဆက်လက်သင်ကြားပေးကာ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းတို့က သင်တန်းတက်ရောက်သူများအား လာရောက်အားပေး ကြည့်ရှုပြီး သင်တန်းအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။ အဆိုပါသင်တန်းသို့ မြို့နယ်အတွင်းမှ အားကစား စိတ်ပါဝင်စားသည့် သင်တန်းသူ(၂၆)ဦး တက်ရောက်ခဲ့ကြကြောင်းနှင့် သင်တန်းကာလမှာ (၂)ရက်တာ သင်ကြားပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)