ငပုတော မတ် ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်အတွင်း အခြေခံပညာကျောင်းများရှိ မူလတန်း၊ အလယ်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူများအား ပြဋ္ဌာန်းထားသော သင်ရိုးနှင့်အညီ သင်ရိုးသစ်ဘာသာရပ်များကို စနစ်တကျ သင်ကြားပြသနိုင်ရန် ရည်ရွယ်၍ အခြေခံပညာအလယ်တန်းနှင့် မူလတန်းဆင့် ဘာသာရပ် စွမ်းရည်မြှင့်သင်တန်း ဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့ နံနက်( ၉ )နာရီတွင်ငပုတောမြို့ အခြေခံပညာအထက်တန်းကျောင်းရှိ နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဆရာမကြီးဒေါ်ကျင်အေးကက အခြေခံပညာနှင့် ပညာရေးမြှင့်တင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်ပြီးသင်ကြားရေးစွမ်းရည်မြင့်မားသော အရည်အသွေးပြည့်ဝသည့် ဆရာ၊ ဆရာမများ ဖြစ်ပေါ်လာ စေရေး၊ ပညာရေးဝန်ကြီးဌာနမှ ပြောင်းလဲထားသော ပညာရေးစနစ်နှင့်အညီ သင်ရိုးသစ်ဘာသာရပ်များကို စနစ်တကျ သင်ပြနိုင်မည့် ဆရာ၊ ဆရာမများအား လေ့ကျင့်မွေးထုတ်ပေးနိုင်ရေးနှင့် အရည်အသွေးပြည့်ဝသည့် ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွန်းလာစေရေး လေ့ကျင့်ပျိုးထောင်ပေးနိုင်ရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း၊ ယခုသင်တန်းက ပို့ချပေးမည့် သင်ခန်းစာများကို သေချာမှတ်သား အသုံးချ၍ ကျောင်းသား၊ ကျောင်းသူများအား ပြန်လည်သင်ကြားပြသပေးသွားရန် ရှင်းလင်းဆွေးနွေးခဲ့ပြီး ဒုတိယပညာရေးမှူး ဦးနိုင်လင်းက သင်တန်းစည်းကမ်းချက်များကို ရှင်းလင်းဆွေးနွေးပြောကြား ကြသည်။
အဆိုပါ အခြေခံပညာ အလယ်တန်းနှင့် မူလတန်းဆင့် ဘာသာရပ် စွမ်းရည်မြှင့် ဆွေးနွေးပွဲသို့ ငပုတောမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ မူလတန်းဆင့် ဆရာ၊ ဆရာမ(၁၆၂၁)ဦး ၊အလယ်တန်းဆင့် ဆရာ၊ ဆရာမ (၁၀၅၅ )ဦး စုစုပေါင်း(၂၆၇၆) ဦးအား သင်တန်း ဆရာ၊ ဆရာမ (၁၈၄)တို့က သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းကို (၂၅.၃.၂၀၂၄) ရက်နေ့မှ (၃၀.၃.၂၀၂၄) ရက်နေ့အထိ ဖွင့်လှစ်သင်ကြားကာ (Grade-6)မှ (Grade-9)၊ (KG)မှ (Grade-5) သင်ရိုးညွှန်းတမ်း ဘာသာရပ်များကို နေ့စဉ် နံနက် (၉)နာရီမှ ညနေ (၄)နာရီထိ ဖွင့်လှစ်ပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်သူ (ပြန်/ဆက်)