ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း လွှတ်တော်အသီးသီးတွင် ကိုယ်စားလှယ်လောင်း ၄၅၁ ဦး ဝင်ရောက်ယှဉ်ပြိုင် အရွေးခံကြမည်

ပုသိမ်  နိုဝင်ဘာ ၅

၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ကျင်းပတောမည် ဖြစ်သည်။ တိုင်းဒေသကြီးအတွင်း ၂၆ မြို့နယ်တွင် ပြည်သူ့လွှတ်တော် ၂၆ နေရာ၊ အမျိုးသား လွှတ်တော် ၁၂ နေရာ၊ တိုင်းဒေသကြီးလွှတ်တော် ၅၂ နေရာ၊ ရခိုင်တိုင်းရင်းသားလွှတ်တော် တစ်နေရာ၊ ကရင်တိုင်းရင်းသား လွှတ်တော် တစ်နေရာအတွက် နိုင်ငံရေးပါတီ ၂၂ ပါတီနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၄၅၁ ဦးက ဝင်အရွေးခံရန် သက်ဆိုင်ရာရွေးကောက်ပွဲ ကော်မရှင်ရုံးများတွင် လျှောက်ထားတင်ပြထားပြီးဖြစ်ကြောင်း သိရသည်။

ရွေးကောက်ပွဲကော်မရှင် အဆင့်ဆင့်ကလည်း ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက် များနှင့်အညီ ကျင်းပပေးမှာဖြစ်ကြောင်းနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ရွေးကောက်ပွဲ စံ ၅ ချက်ဖြစ်သော လွတ်လပ်မှု၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှု၊ ပြည်သူ့ဆန္ဒနှင့် ရွေးကောက်ပွဲရလဒ် တစ်ထပ်တည်းဖြစ်စေရန် ရွေးကောက်ပွဲကော်မရှင် အဆင့်ဆင့်ကို ညွှန်ကြား ထားကြောင်း သိရသည်။

ယခုအခါ အသက်  ၆၀ နှစ်နှင့်အထက် အဘိုး၊ အဘွားများနှင့် ကြိုတင်မဲ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများသည် သက်ဆိုင်ရာ ရပ်ကွက် / ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံများတွင် အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၅ ရက်နေ့ထိ ကြိုတင်ဆန္ဒမဲများ ပေးနေကြပြီးဖြစ်သည်။

တိုင်းဒေသကြီးအတွင်း ၂၆ မြို့နယ်တွင် မဲရုံပေါင်း ၅၇၄၈၊ အသက် ၁၈ နှစ်ပြည့်ပြီး မဲပေးခွင့်ရှိသူပေါင်း ကျား ၂၂၃၃၈၀၁ ဦး၊ မ ၂၄၂၆၀၇၀ ဦး၊ စုစုပေါင်း ၄၆၅၉၈၇၁ ဦးရှိကြောင်း တိုင်းရွေးကောက်ပွဲ ကော်မရှင်ရုံးမှ သိရသည်။
 

သတင်း/ဓာတ်ပုံ - မောင်မောင်မြင့်(ပြန်/ဆက်)