မင်းလှကျင်းကျေးရွာ လှည်းတန်းအဖွဲ့ကို ရွှေစက်တော်မန်းချောင်းအပန်ဖြေဆင်စခန်းက ဆင်လိမ်မာလေးများဖြင့် ပထမဆုံးအကြိမ် သွားရောက်ဂုဏ်ပြု ဧည့်ခံဖျော်ဖြေပေးခဲ့

မင်းဘူး  မတ်  ၂၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားပွဲသို့ လှည်းယာဉ် တန်းများဖြင့် ရှေးအစဉ်အလာ ရိုးရာမပျက် ဘုရားဖူးသွားရောက်ခဲ့ကြသည့် မင်းလှကျင်းကျေးရွာမှ လှည်းတန်းအဖွဲ့များရှိရာသို့ ရွှေစက်တော်မန်းချောင်းအပန်ဖြေဆင်စခန်းက ဆင်လိမ်မာလေးများဖြင့် တပေါင်းလပြည့်နေ့က ပထမဆုံးအကြိမ် သွားရောက်ဂုဏ်ပြု ဧည့်ခံဖျော်ဖြေပေးခဲ့ကြောင်း အဆိုပါဆင်စခန်းတာဝန်ခံထံမှ သိရသည်။

မင်းလှကျင်းကျေးရွာမှ ဒေသခံပြည်သူများသည် ယခုနှစ် မန်းရွှေစက်တော်ဘုရားပွဲတော်သို့ လှည်းယာဉ်တန်းများဖြင့် ရှေးအစဉ်အလာ ရိုးရာမပျက် မတ်လ ၂၁ ရက်(တပို့တွဲလဆန်း ၁၂ ရက်) နေ့က လှည်းအစီးရေ (၃၇)စီးဖြင့် ပျော်ပျော်ပါးပါး ဘုရားဖူးသွားရောက်ခဲ့ပြီး တပေါင်းလပြည့်ကျော် ၁ ရက်နေ့အထိ ရွှေစက်တော်မန်းချောင်းအပန်ဖြေဆင်စခန်း၏အထက် မန်းချောင်းနဘေး၌ ယာယီစခန်းချနေထိုင်ကာ ဗုဒ္ဓပါဒ ခြေတော်ရာနှစ်ဆူအား နေ့စဉ် ဘုရားဖူးသွားရောက်ခဲ့ကြသည်။

“ဆင်နဲ့လူအကြား သဟဇာတဖြစ်တည်မှုသာမက ဆင်လိမ်မာလေးများ၏ စွမ်းဆောင်ရည်ကို လှည်းအဖွဲ့က ဒေသခံတွေနဲ့ ကလေးငယ်လေးတွေ သိရှိစေဖို့ရယ် နောက်ပြီး မင်းလှကျင်းကျေးရွာက လှည်းယာဉ်တွေနဲ့ ရိုးရာအအမွေကို လက်ဆင့်ကမ်းထိန်းသိမ်းပြီး ဘုရားဖူးသွားရောက်တဲ့ ချစ်စရာ မြန်မာ့ရိုးရာဓလေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ယခုနှစ်မှာ ကျွန်တော်တို့ဆင်စခန်းက ပထမဆုံးအကြိမ် အဖြစ် ဆင်လိမ်မာကလေး (၄)ကောင်နဲ့ တပေါင်းလပြည့်နေ့ (မတ်လ ၂၄ ရက်)က ထူးထူးခြားခြား သွားရောက်ဧည့်ခံဖျော်ဖြေတင်ဆက်ပေးခဲ့တာပါ။ လာမယ့်နှစ်ကြရင် အခုလို လှည်းယာဉ်တွေ လာတဲ့အခါ ဆင်လေးတွေနဲ့ သွားရောက်ကြိုဆိုပြီးတော့ ဧည့်ခံပေးသွားမှာဖြစ်ပါတယ်”ဟု ရွှေစက်တော် မန်းချောင်းအပန်ဖြေဆင်စခန်း တာဝန်ခံ လက်ထောက်မန်နေဂျာ ဦးထက်နိုင်အောင်က ပြောသည်။

ထိုသို့ သွားရောက်ဧည့်ခံဖျော်ဖြေပေးရာတွင် ဆင်နှင့်လူအကြား သဟဇာတဖြစ်တည်မှုကို ပြသရန် ဆင်လိမ်မာကလေးများက ဒေသခံဧည့်ပရိသတ်များအား တစ်ဦးချင်း လိုက်လံနှုတ်ဆက်ပြီး ကပြ ဖျော်ဖြေပေးခြင်း၊ Music တူရိယာနှင့် ပုသိမ်ထီးများ အသုံးပြု၍ တီးမှုတ်ကပြခြင်း၊ လှည်တန်းမှ ကလေးငယ်များနှင့် တစ်ဦးချင်း ဘောလုံးကန် ကစားပြခြင်း၊ ဦးရွှေရိုးဒေါ်မိုးအကဖြင့် ကပြခြင်း၊ မန်းချောင်းအတွင်း၌ ကလေးငယ်များနှင့်အတူ ရေချိုးဆော့ကစားခြင်းများအပြင် ကစားနည်းမျိုးစုံဖြင့် ဂုဏ်ပြုဧည့်ခံဖျော်ဖြေတင်ဆက်ခဲ့ပြီးနောက် လှည်းဝိုင်းမှဒေသခံများက ဆင်ကလေးများကို ဆင်စာများ ပြန်လည်ကျွေးမွေးခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)