မကွေး မတ် ၂၇
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါကာ မတ်လ ၂၅ ရက်နေ့ နံနက်ပိုင်းက မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် ကုန်းသာ-တောင်မန်း ကတ္တရာလမ်းသစ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။
ဦးစွာ ဖွင့်ပွဲအခမ်းအနားတွင် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က နိုင်ငံတစ်ဝန်းတွင် ဒေသစုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ထုတ်ကုန်များ၊ သီးနှံများ သယ်ပို့ရောင်းချနိုင်ရေးအတွက် လမ်းပန်းဆက်သွယ်ရေး လုံခြုံချောမွေ့ကောင်းမွန်ရေးသည် အဓိက လိုအပ်ပါကြောင်း၊ ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာနအနေဖြင့် ကျေးလက်လမ်းတံတားများ ဖွံ့ဖြိုးတိုးတက်ပြီး ရေရှည်တည်တံ့အောင် ဆောင်ရွက်ပေးခြင်းဖြင့် ကျေးလက်နေပြည်သူများ၏လူမှုစီးပွားဘဝဖွံ့ ဖြိုးတိုးတက်စေရေးနှင့် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာစေရေးအတွက် ဆောင်ရွက် လျက်ရှိပါကြောင်း၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအားလုံးတွင် နေထိုင်သော ပြည်သူလူထုများအတွက် အခြေခံလိုအပ်ချက်များ ဖြစ်သော လမ်းပန်းဆက်သွယ်မှုများ ကောင်းမွန်ရေး၊ သန့်ရှင်းသော သောက်သုံးရေရှိရေး၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍများ မြင့်မားတိုးတက်စေရေးတို့ကို အလေးထားဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ ကုန်းသာ-တောင်မန်း ကတ္တရာလမ်းသည် ကျေးရွာများ၏ အချက်အခြာကျ သည့် လမ်းဖြစ်ပြီး ပြည်သူများသွားလာမှု လွယ်ကူစေရန် လမ်းအရှည် (၁/၅.၅) မိုင်၊ အကျယ် ၁၂ ပေ၊ ထု ၁၅ လက်မ ကတ္တရာခင်းခြင်း၊ ၉ လက်မထုရှို အမာခံလမ်းပုခုံး ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး၊ ဒီကနေ့ ဖွင့်လှစ်ခဲ့ပြီဖြစ်တဲ့ ကတ္တရာလမ်းသစ် အပါအဝင် လမ်းများ အားလုံးကို ရေရှည် တည်တံ့ခိုင်မြဲရေး၊ မြို့ပြအင်္ဂါရပ်နှင့်အညီ ကျန်းမာသန့်ရှင်းသော မြို့ပြများ ဖြစ်ထွန်းလာစေရေးတို့အတွက် ဒေသခံပြည်သူများက ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ပေးရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ မင်းဘူး(စကု)မြို့နယ် ကုန်းသာ-တောင်မန်း ကတ္တရာလမ်းသစ်အား မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်း၊ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်သူဦးနှင့် ဥပဒေချုပ် ဦးတင့်ဝေတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
ထို့နောက် ကတ္တရာလမ်းသစ်ဖွင့်ပွဲ အထိမ်းအမှတ်တံဆိပ် ပစ္စည်းများအား မကွေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး (မြို့ပြ) ဦးသင်းမင်းလတ်က ပေးအပ်ပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က ကပြဖျော်ဖြေခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ကာ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တက်ရောက်လာသူများက ကတ္တရာလမ်းသစ်အား လှည့်လည် ကြည့်ရှုခဲ့ကြသည်။
အဆိုပါ ကုန်းသာ-တောင်မန်း ကတ္တရာလမ်းသည် အလျား ၁/၅.၅ မိုင်၊ အကျယ် ၁၂ ပေ၊ ထု ၁၅ လက်မဖြင့် တည်ဆောက်ခြင်းလုပ်ငန်းတို့ကို ၂၀၂၂-၂၀၂၃ ခုနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေ(၉၉၇ ဒသမ ၅၇၅)သန်းဖြင့် တင်ဒါအောင် ကုမ္ပဏီ Union Seven က ၂၀၂၃ ခုနှစ် ဇူလိုင်က တာဝန်ယူ ဆောက်လုပ်ခဲ့ပြီး ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၉ ရက်တွင် လုပ်ငန်းအားလုံး ရာနှုန်းပြည့် ပြီးစီးကာ၊ ကျေးရွာရှိ အိမ်ခြေ ၄၈၁ အိမ်၊ အိမ်ထောင်စု ၄၉၈ စု၊ လူဦးရေ ၂၃၆၆ ဦးအတွက် အကျိုးပြုမည့် လမ်းတစ်လမ်းဖြစ်သည့်အပြင် လမ်းအနီးဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများအတွက် ပညာရေး၊ ကျန်းမာရေးနှင့် စိုက်ပျိုရေးထွက်ကုန်များတင်ပို့ရာတွင် အချိန်တိုအတွင်း ကုန်ကျ စရိတ် သက်သာစွာဖြင့် ပို့ဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။
မောင်ညီညာ