မုံရွာ မတ် ၂၇
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၏ အနီးကပ်ကြီးကြပ်လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ လူငယ်စွန့်ဦးပညာရှင်ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားစေရေးကို အထူးအလေးထားပြီး စိုက်ပျိုးရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင် ရန်ရည်ရွယ်ပြီး အဓိက စိုက်ပျိုးသီးနှံများပန်းတိုင် အထွက်နှုန်းတိုးတက်ရေး စာတမ်းဖတ်ပွဲအခမ်းအနားကို ယမန်နေ့နေ့လယ် ၁ နာရီက မုံရွာမြို့ နန္ဒဝန်ရပ်ကွက်ရှိ တိုင်းဒေသကြီး မြေ၊ မျိုး၊ ပိုးရုံး သင်တန်းခန်းမတွင် ပြုလုပ်ခဲ့သည်။
ဦးစွာ စစ်ကိုင်း တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲတာဝန်ခံ ဦးမြင့်လွင်က စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဒေသနှင့် သင့်တော်သော မျိုးကောင်းမျိုးသန့်များ တောင်သူများလက်ဝယ် ရရှိစိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေး သုတေသနဦးစီးဌာနမှ မျိုးစေ့ခြံများ၊ ပုဂ္ဂလိက မျိုးစေ့ထုတ်ကုမ္ပဏီများနှင့် ချိတ်ဆက်ကာ အလေးပေး ဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်း။ စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် စိုက်ပျိုးမြေရဲ့ မြေဆီဩဇာ ထက်သန်ရန်လည်း လိုအပ်ပါတယ်။ ဒါမှသာ မိမိလိုချင်တဲ့ ပန်းတိုင်အထွက်နှုန်းကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ မျိုးကောင်းမျိုးသန့်နှင့် မြေဆီဩဇာကတော့ ထက်သန်နေပြီး ရေလိုအပ်ချိန် ရေမရရှိပါကလည်း ပန်းတိုင်အထွက်နှုန်းကို အဓိက ထိခိုက်နစ်နာစေမှာ ဖြစ်ပါကြောင်း။ တောင်သူများ စိုက်ပျိုးရေ ရရှိရေးအတွက် သက်ဆိုင်ရာ မိတ်ဖက်ဌာနများနှင့် ပူးပေါင်းချိတ်ဆက် ဆောင်ရွက်ပေးကြရမှာ ဖြစ်ပါကြောင်း။ မျိုးကောင်း မျိုးသန့် လည်းရရှိတယ်၊ မြေဆီဩဇာကလည်းထက်သန်တယ်၊ စိုက်ပျိုးရေလည်း ရရှိတယ်။ သို့ပေမယ့် မိမိစိုက်ပျိုးသည့် သီးနှံဟာ မိမိဒေသတွင် စိုက်ပျိုးရန် ကိုက်ညီသည့် စိုက်ပျိုးနည်းပညာ ဖြန့်ဝေပေးရန်လည်း လိုအပ်ပါကြောင်း တောင်သူများကို စိုက်ပျိုးနည်းပညာ ဖြန့်ဝေဖို့ဆိုရင် ကျွန်တော်တို့ရဲ့ ဘာသာရပ်ဆိုင်ရာ ပညာရှင်တွေ၊ တိုးချဲ့ပညာပေးရေး ဝန်ထမ်းများဟာ နည်းပညာဝမ်းစာ ပြည့်ဝနေဖို့ လိုအပ်ပါတယ်။ မိမိတို့ စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးဆက်သစ် ဝန်ထမ်းငယ်များ စွမ်းဆောင်ရည် ပိုမိုမြင့်မား တိုးတက်စေဖို့၊ နည်းပညာ ပြည့်ဝနေဖို့အတွက် ယခုလို နည်းပညာပေး စာတမ်းဖတ်ပွဲများ၊ ဆွေးနွေးပွဲတွေ၊ သင်တန်းတွေ ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။ ယနေ့ ကျင်းပပြုလုပ်တဲ့ (၇၉) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် အဓိက သီးနှံများ ပန်းတိုင်အထွက်နှုန်း တိုးတက်ရေး စာတမ်းဖတ်ပွဲ ကနေ ဝန်ထမ်းများ နည်းပညာများ ကို စိတ်အားထက်သန်စွာ လေ့လာမှတ်သား၊ အပြန်အလှန် နည်းပညာမျှဝေဆောင်ရွက်နိုင်အောင် ဆောင်ရွက်ပြီး မိမိတို့ဌာနဂုဏ်ကို ပိုမိုမြှင့်တင်နိုင်အောင် အားလုံးပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းအမှာစကား ပြောကြားခဲ့သည်။
ထို့နောက် အဓိက စိုက်ပျိုးသီးနှံများပန်းတိုင်အထွက်နှုန်း တိုးတက်ရေး စာတမ်းဖတ်ပွဲကို Online ဖြင့် ဆက်လက်ကျင်းပရာ ရွှေဘိုခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇာဇာမင်းက နှမ်းသီးနှံ အထွက်နှုန်းတိုးတက်ရေး စာတမ်းအား လည်းကောင်း၊ စစ်ကိုင်းခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်သီတာလွင်က ဝါသီးနှံ စိုက်ပျိုးထုတ်လုပ်ရေး စာတမ်း အားလည်းကောင်း၊ ကန့်ဘလူခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြေမွန်မျိုးသန့်ခြံတာဝန်ခံ ဦးမျိုးသန့်အောင်က သီးနှံများအထွက်တိုးရေးအတွက် သဘာဝမြေဩဇာအရေးပါမှုစာတမ်းနှင့် ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကိုကိုအောင်က ကြံသီးနှံ ပန်းတိုင်အထွက်နှုန်းရရှိရေး စာတမ်းတို့အား အသီးသီး ဖတ်ကြားရှင်းလင်းဆွေးနွေးခဲ့ကြပြီးနောက် တက်ရောက်လာသူများနှင့်အတူ အပြန်အလှန်ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ မြေအသုံးချရေးဌာနခွဲ တာဝန်ခံ ဒေါ်ခင်ထွေးဝင်း က နိဂုံးချုပ်အမှာစကား ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
အဆိုပါ ၇၉ နှစ်မြောက် တပ်မတော်နေ့ အကြို အထိမ်းအမှတ်အဓိက စိုက်ပျိုးသီးနှံများ ပန်းတိုင် အထွက်နှုန်းတိုးတက်ရေး စာတမ်းဖတ်ပွဲကို နှစ်ရက်ကြာကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် စာတမ်းဖတ်ပွဲသို့ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ လူငယ်စွန့်ဦးပညာရှင် ဝန်ထမ်းများ (YSI) စုစုပေါင်း ၄၀ ဦးနှင့် ခရိုင်နှင့်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက Online ဖြင့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)