ဒေးဒရဲမြို့နယ် (Community Centre) ခန်းမ၌ ဆပ်ပြာဆီပြုလုပ်နည်းသင်တန်း ဖွင့်လှစ်

ဒေးဒရဲ မတ် ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ အမျိုးသမီးများ အိမ်တွင်းစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် မိသားစုအပိုဝင်ငွေ တိုးပွားစေရေးနှင့် အမျိုးသမီးကဏ္ဍများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ဆပ်ပြာဆီပြုလုပ်နည်းသင်တန်းကို ယမန်နေ့နံနက် (၁၁)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မိသားစုအပိုဝင်ငွေ ရရှိစေရေးအတွက် သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ တစ်နိုင်တစ်ပိုင် စီပွားရေးလုပ်ငန်းများ ပြုလုပ်နိုင်သည့် သင်တန်းများ ဖွင့်လှစ်ပေးနေမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး တစ်နိုင်တစ်ပိုင် ဆပ်ပြာဆီပြုလုပ်ရောင်းချလျက်ရှိသည့် ဒေါ်မော်မော်အောင်က ကုန်ကြမ်းပစ္စည်းများက ဆပ်ပြာဆီထုတ်လုပ်နည်းအဆင့်ဆင့်ကို သင်ကြားပြသပေးခဲ့ရာ သင်တန်းသူ (၁၅)ဦး တက်ရောက်သင်ယူခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပန်းအလှထိုးနည်းသင်တန်း၊ အခြေခံမုန့်လုပ်နည်းသင်တန်းနှင့် ဆပ်ပြာဆီပြုလုပ်နည်းသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

အေဇာလင်း(ပြန်/ဆက်)