ကျိုက်လတ် မတ် ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ မြို့နယ်အဆင့် သက်ဆိုင်သူအားလုံးပါဝင်သော"စီမံကိန်းလုပ်ငန်းများ သုံးသပ်ဆွေးနွေးပွဲ အခမ်းအနား" ကို ယမန်နေ့နံနက် (၁၀) နာရီက အမှတ်(၃)ရပ်ကွက်၊ ၅ ဖြတ်လမ်းရှိ စန္ဒာမုနိမြတ်စွာဘုရားကြီး၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းအောင်က စီမံကိန်း လုပ်ငန်းများအတွက် အထောက်အကူဖြစ်စေမည့် ဆွေးနွေးချက်များကို ဝိုင်းဝန်းဆွေးနွေးပေးကြရန် အဖွင့်အမှာစကား ပြောကြားပြီး၊ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသူရရှိန်က ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော စီမံကိန်းလုပ်ငန်းများအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ကျေးရွာကော်မတီဝင်များမှ စီမံကိန်းလုပ်ငန်းများ၏ အားသာချက်၊ အားနည်းချက်များကို အုပ်စု(၇)ခုဖွဲ့၍ ဆွေးနွေးကြပြီး၊ တက်ရောက်လာသူများနှင့် မြို့နယ် မြစိမ်းရောင်လုပ်ငန်း ကော်မတီတို့မှ ဝိုင်းဝန်းအကြံပြုဆွေးနွေးကာ ၊ မြို့နယ်ဦးစီးမှူး ဦးသူရရှိန်က ဆွေးနွေးချက်များအပေါ် ပြန်လည်သုံးသပ် ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ သုံးသပ်ဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသူရရှိန်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြစိမ်းရောင် စီမံကိန်းကျေးရွာ ၇၃ယူနစ်(၈၄)ရွာတို့မှ ကော်မတီဝင်များ အသီးသီးတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကျိုက်လတ်(ပြန်/ဆက်)