အုတ်တွင်းမြို့နယ်အတွင်း ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခြင်းများကွင်းဆင်းဆောင်ရွက်

အုတ်တွင်း မတ် ၂၆

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်အတွင်း ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် အုတ်တွင်းမြို့ နယ်အတွင်းရှိ Petro K စက်သုံးဆီဆိုင်နှင့် Red Star Energy စက်သုံးဆီဆိုင်ရှိ အလုပ်သမားဝန် ထမ်းများနှင့် စက်သုံးဆီလာရောက် ဝယ်ယူသုံးစွဲသူပြည်သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှသွားရောက်တွေ့ဆုံပြီး ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ စိုးရိမ်ထိတ်လန့်မှုများ မရှိစေရေး၊ လတ်တလော ဖြစ်ပေါ်နေသည့် ဥပဒေနှင့်ပတ်သက်သည့် ကောလာဟလမဟုတ်မမှန်သတင်းများအပေါ် ယုံမှားသံသယမဖြစ်ပေါ်စေရေးနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိမှတ်ဖွယ်ရာများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီက ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူးမြင့်ဇော်က ပြည်သူ့စစ်မှုထမ်း ဥပဒေရည်ရွယ်ချက်၊ ပြည်သူ့စစ်မှုထမ်းတို့၏ အကျိုးခံစားခွင့်များ၊ စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်သူ၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ စသည့်ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

အေမင်းရည်စော(ပြန်/ဆက်)