ရေတာရှည်မြို့နယ်၌ နွေစပါးစိုက်ခင်းများအောင်မြင်ဖြစ်ထွန်းနိုင်ရေး ကွင်းဆင်းစစ်ဆေး

ရေတာရှည် မတ် ၂၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် သာဂရမြို့ ဝဲဒေါင့်ကျေးရွာ၌ နွေစပါးစိုက်ခင်းများအတွင်းပေါင်းမြက်များ ရှင်သန်ကြီးထွားမှု မဖြစ်ပေါ်စေရေး၊ အထွက်နှုန်း တိုးတက်ကောင်းမွန်ရေးအတွက် ရည်ရွယ်ကာ နွေစပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနိုင်ရေးအတွက် ယနေ့မွန်းလွဲ ၁ နာရီအချိန်က စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့မှ စိုက်ပျိုးရေးတောင်သူများနှင့်တွေ့ဆုံကာ စိုက်ခင်းများအား ကွင်းဆင်းစစ်ဆေးသည်။

ထိုသို့စစ်ဆေးရာ အဆိုပါအဖွဲ့မှ နွေစပါးစိုက်ပျိုးထားရှိမှု တစ်ဧကကုန်ကျစရိတ်များ၊ နွေစပါး စိုက်ခင်းများအတွင်း ပိုးမွှားအန္တရာယ်ကျရောက်မှုလျော့နည်းရန် ထည့်သွင်းအသုံးပြုသည့် ပိုးသတ်ဆေးများ၊ ပေါင်းမြက်များရှင်သန်ကြီးထွားမှု အခြေအနေများနှင့် မြေသြဇာထည့်သွင်း အသုံးပြုမှုများအား စိုက်ပျိုးရေးတောင်သူများနှင့် တွေ့ဆုံကာဆွေးနွေးခဲ့ပြီး ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်အောင် စိုက်ပျိုးထုတ်လုပ်နိုင်ရန် လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ရေတာရှည်မြို့နယ်အနေဖြင့် နွေစပါးစိုက်ပျိုးမှုကိုဆွာမြို့၊ သာဂရမြို့၊ မြို့လှမြို့နှင့် ရေနီမြို့တို့တွင် ကျေးရွာအုပ်စုများအလိုက် စိုက်ပျိုးကြပြီး ယခုနှစ် နွေစပါးစိုက်ပျိုးမှု ဧကပေါင်း ၁၉၈၈၄ ဧက စိုက်ပျိုးထားလျက်ရှိသည်။ စိုက်ပျိုးသည့် စပါးမျိုးများအဖြစ် နယူးဧရာ - ၁ ၊ အထွက်ကောင်းမျိုးများဖြစ်ကြသည့် နှံကောက်၊ ရက် ၉၀ ၊ ဗျော့ထွန်း ၊ ဆင်းသုခ ၊ မှော်ဘီ - ၃ ၊ နယူးဧရာ (၁၂) နှင့် အဆင့်မြင့်မျိုးများအဖြစ် ပြည်တော်ဝင်၊ ကောက်ညှင်းမွှေး စသည့် စပါးမျိုးများကို တောင်သူ ၆၆၂၈ ဦးက စိုက်ပျိုးထားလျက်ရှိကာ မျိုးစေ့ထုတ် စိုက်ဧကပေါင်း (၂၀၀) ကျော်ကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စနစ်တကျ စိုက်ပျိုးထားလျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)