ကန့်ဘလူမြို့နယ်၌ ၂၀၂၃- ၂၀၂၄ ခုနှစ် နွေစပါး မျိုးစေ့ချကိရိယာ(Drum Seeder) ဖြင့်စိုက်ပျိုးပြသခြင်း ကွင်းသရုပ်ပြပွဲ ပြုလုပ်

ကန့်ဘလူ မတ် ၂၆

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်၌ နွေစပါးမျိုးစေ့ချကိရိယာ (Drum Seeder)ဖြင့် စိုက်ပျိုးနည်းပညာပေး ကွင်းသရုပ်ပြပွဲကို မတ် ၂၅ ရက်နံနက်ပိုင်းက ခါးတောက်ရင်းကျေးရွာအုပ်စု ကံရိုးကျေးရွာ ကွင်းအမှတ် ( ၆၅၂)၊ ဦးပိုင်( ၁၀) တောင်သူ ဦးတင်အောင် ၏ နွေစပါး ၂ ဧကစိုက်ကွင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကွင်းသရုပ်ပြပွဲတွင် တက်ရောက်လာကြသောတောင်သူများအား ကန့်ဘလူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးမျိုးဇော်က တောင်သူများအနေဖြင့် မျိုးစေ့ချကိရိယာ (Drum Seeder) နှင့် စိုက်ပျိုးခြင်းဖြင့် လယ်ယာလုပ်သားရှားပါးမှုကို ရှောင်လွဲနိုင်ခြင်း၊ တစ်ဧက ကုန်ကျစရိတ်သက်သာ ခြင်း၊ စပါးပင်များလေဝင်လေထွက်ကောင်းမွန်ခြင်း၊ သမန်းနှိုးပေါင်းလိုက်ရာတွင် လွယ်ကူသက်သာပြီး စပါးအထွက်နှုန်းများ ကောင်းမွန်စေမည်ဖြစ်ကြောင်း မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ ကွင်းသရုပ်ပြပွဲသို့ ခါးတောက်ရင်း၊ ယင်းသာ၊ ကံရိုးကျေးရွာတို့မှ ဒေသခံတောင်သူများနှင့် စိတ်ပါဝင်စားသူများ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှူး ဦးမျိုးဇော်နှင့်ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း၊ မျိုးကောင်းမျိုးသန့်များ ပြောင်းလဲစိုက်ပျိုး၍ သီးနှံများ၏တစ်ဧကအထွက်နှုန်း တိုးတက်ကောင်းမွန်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် ယူရီးယားဓာတ်မြေဩဇာများကိုလည်း ပြင်ပပေါက်စျေးထက် စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးပြီးဖြစ်ကြောင်းနှင့်ကန့်ဘလူမြို့နယ်တွင် ယခုနှစ်နွေစပါးစိုက်ပျိုးရာသီ၌ နွေစပါး ၂၀၄၃၄ ဧကလျာထားစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

အောင်ဝင်းငြိမ်း (ကန့်ဘလူ)