ငပုတော မတ် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် အသိပညာပေးဟောပြောပွဲအခမ်းအနားအား ယမန်နေ့ညနေပိုင်းက ကံကွင်းကျေးရွာအုပ်စု၊ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ ဟောပြာပွဲဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးသန်းဦးက ပြည်သူများ သိရှိနားလည်နိုင်စေရန်အတွက် ပြည်သူ့စစ်မှုထမ်းဆိုင်ရာကိစ္စရပ်များဖြစ်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေ၏ ရည်ရွယ်ချက်များ၊ စစ်မှုထမ်းရမည့်အသက်အရွယ်၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ အမျိုးသားရေးတာဝန်၊ စိုးရိမ်ရန်မလိုကြောင်း၊ ဘာကြောင့်ပြည်သူ့စစ်မှုထမ်း စနစ်ကျင့်သုံးရတာလဲ၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ၊ ကင်းလွတ်ခွင့်များနှင့် ယာယီရွှေ့ဆိုင်းနိုင်သူများ အစရှိသည်များအား ဆွေးနွေးဟောပြောပို့ချခဲ့သည်။
ထို့နောက် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ သိကောင်းစရာ လက်ကမ်းစာစောင်များအား ပြည်သူများထံသို့ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြပြီး အဆိုပါဟော ပြောပွဲအခမ်းအနားသို့ ကျေးရွာနေပြည်သူ (၁၀၈) ဦးခန့်တက်ရောက်ခဲ့ကြသည်။
အလားတူ ငပုတောမြို့နယ်အတွင်းရှိကျေးရွာများတွင်လည်း ကျေးရွာအုပ်ချုပ်ရေးမှူးများကဦးဆောင်၍ ကျေးရွာနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန်သိရှိ စေရန်အတွက် ဟောပြောပွဲများ ဆောင်ရွက်ခြင်းနှင့် လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြကြောင်းသိရသည်။
အောင်သူ (ပြန်/ဆက်)