တောင်ငူမြို့၌ မူလတန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့်ဆရာ၊ ဆရာမများဘာသာရပ်စွမ်းရည်မြှင့် မွမ်းမံသင်တန်းများဖွင့်လှစ်ပို့ချ

တောင်ငူ မတ် ၂၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်ရှိ အခြေခံပညာကျောင်းများမှ မူလတန်းအဆင့် ဆရာ၊ ဆရာမများ ဘာသာရပ်စွမ်းရည်မြှင့်မွမ်းမံသင်တန်းကို အ.ထ.က(၆)တွင်လည်းကောင်း၊ အလယ်တန်းအဆင့် ဆရာ၊  ဆရာမများ ဘာသာရပ်စွမ်းရည်မြှင့် မွမ်းမံသင်တန်းကို အ.ထ.က(၁)တွင်လည်းကောင်း၊ အထက်တန်းအဆင့်ဆရာ၊ ဆရာမများဘာသာရပ်စွမ်းရည်မြှင့်မွမ်းမံသင်တန်းကို အ.ထ.က(၅)တွင်လည်းကောင်း ဖွင့်လှစ်ပို့ချလျက်ရှိရာ ယနေ့နံနက်(၉)နာရီအချိန်က အဆိုပါသင်တန်းများအား ဆက်လက်ဖွင့်လှစ်ပို့ချလျက်ရှိသည်။

သင်တန်းများဖွင့်လှစ်ဆောင်ရွက်ရာတွင် တောင်ငူမြို့အ.ထ.က(၆)၌ မူလတန်းအဆင့် ဆရာ၊ ဆရာမများ ဘာသာရပ်စွမ်းရည်မြှင့်မွမ်းမံသင်တန်းကို သင်တန်းနည်းပြ(၆၀)ဦးမှ မူလတန်းအဆင့်သင် ဆရာ၊ ဆရာမ(၈၉၈)ဦးအား မတ်လ ၂၅ ရက်နေ့မှ ၃၀ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး တောင်ငူမြို့ အ.ထ.က(၁)၌ အလယ်တန်းအဆင့် ဆရာ၊ ဆရာမများ ဘာသာရပ်စွမ်းရည်မြှင့်မွမ်းမံသင်တန်းကို သင်တန်းနည်းပြ(၄၀)ဦးမှ အလယ်တန်းအဆင့်သင် ဆရာ၊ ဆရာမ(၆၃၆)ဦးအား မတ်လ ၂၅ ရက်နေ့မှ ၃၀ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်သည်။

ထို့အပြင် အ.ထ.က(၅)တွင် တောင်ငူခရိုင်အတွင်းရှိ မြို့နယ်အခြေခံပညာကျောင်းများမှ အထက်တန်းအဆင့် ဆရာ၊ ဆရာမများ ဘာသာရပ်စွမ်းရည်မြှင့်မွမ်းမံသင်တန်းကို မတ်လ ၂၁ ရက်နေ့မှ ၂၆ ရက်နေ့အထိ နည်းပြ(၆၀)ဦးမှ အထက်တန်းအဆင့်သင် ဆရာ၊ ဆရာမ (၈၅၉)ဦးအား သင်ကြားပို့ချလျက်ရှိပြီး အဆိုပါဘာသာရပ်စွမ်းရည်မြှင့် မွမ်းမံသင်တန်းကို အခြေခံပညာကျောင်းများမှ မူလတန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့်သင် ဆရာ၊ ဆရာမများ လုပ်ငန်းစွမ်းဆောင်ရည်နှင့် သင်ကြားမှုလုပ်ငန်းပိုင်းဆိုင်ရာများ အရည်အသွေးတိုးတက်မြင့်မားစေရန်ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားခြင်းဖြစ်ကြောင်း တောင်ငူမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဇော်ကိုကို (တောင်ငူ)