ကသာမြို့နယ်ပညာရေးဌာနမှ ကျောင်းဆရာ/ ဆရာမများအား ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ အသိပညာပေး ထပ်ဆင့်ရှင်းလင်းဆွေးနွေးပွဲ ပြုလုပ်

ကသာ မတ် ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများနှင့်ပတ်သက်၍ ကျောင်းဆရာ/ ဆရာမများအကျယ်တဝင့် သိရှိနိုင်စေရန် အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ (၄) နာရီခွဲအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အသိပညာပေး ဆွေးနွေးပွဲတွင် မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်ဝင်းက ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာများ နှင့်ပတ်သက်၍ ပြည်သူ့စစ်မှုထမ်းဥပဒေ၏ ရည်ရွယ်ချက်များ၊ စစ်မှုထမ်းရမည့်အသက်အရွယ် အပိုင်းအခြား၊ စစ်မှုထမ်းဆောင်ရမည့်ကာလ၊ စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ရမည့်သူများ၊ ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းမှ ယာယီရွှေ့ဆိုင်းခွင့်ရနိုင်သူများ၊ ပြည်သူ့စစ်မှုထမ်းဥပဒေအရ ရရှိနိုင်မည့်အခွင့်အရေးများ၊ စစ်မှုထမ်းဆောင်ခြင်းကို ရှောင်လွှဲပါက ကျခံရမည့်ပြစ်မှု၊ ပြစ်ဒဏ်များ၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ၊ ပြည်သူ့စစ်မှုထမ်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဆောင်ရွက်ဆဲဖြစ်သဖြင့် မလိုလားအပ်သည့် မီဒီယာအချို့၏ လူမှုကွန်ရက် စာမျက်နှာ၊ Facebook, Telegram များမှ မဟုတ်မမှန် သတင်းမှားများကို မယုံကြည်ကြရန် စသည်တို့ကို အကျယ်တဝင့် ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ဆရာ/ ဆရာမများက ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့်ပတ်သက်၍သိရှိလိုသည်များကို မေးမြန်းကြရာ မြို့နယ်ပညာရေးမှူးက ပြန်လည် ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

ကျော်စွာ (ကသာ)