ပေါက်ခေါင်း မတ် ၂၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အခြေခံပညာအလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ဆရာ၊ ဆရာမများအတွက် ဘာသာရပ်စွမ်းရည်မြှင့် မွမ်းမံသင်တန်းကို ယမန်နေ့ နံနက်(၉)နာရီက အမှတ်(၁)အ.ထ.က(ခွဲ)ကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူးဆရာကြီးဦးအေးလှိုင်က အဖွင့်အမှာစကားပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူများအားလုံး၏ ပညာရေးမြင့်မားရေးအတွက် ဆရာ၊ မိဘ၊ ကျောင်းသားများအားလုံး ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်ပြီး သင်ကြားမည့်ဘာသာရပ်အလိုက် သင်ခန်းစာများအား ဆွေးနွေးပေးခြင်းဖြင့် ဆရာ၊ ဆရာမတို့၏ သင်ကြားမှုစွမ်းရည်မြင့်မားလာပြီး ကျောင်းသား၊ ကျောင်းသူများ၏ နားလည်မှုစွမ်းရည်မှာလည်း ပိုမိုမြင့်မားလာမည်ဖြစ်ကြောင်းနှင့် သင်တန်းဆိုင်ရာလမ်းညွှန်မှုနှင့် စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။
သင်တန်းသို့ ပေါက်ခေါင်းမြို့နယ်အတွင်းရှိ အလယ်တန်းပြ သင်တန်းသား၊ သင်တန်းသူ၊ ဆရာ၊ ဆရာမ (၃၄၃)ဦး၊ မူလတန်းပြဆရာ၊ ဆရာမ(၆၇၉)ဦးတက်ရောက်ပြီး အလယ်တန်းသင်တန်းအတွက် သင်တန်းနည်းပြ ဆရာကြီး/ ဆရာမကြီး(၂၄)ဦး၊ မူလတန်းနည်းပြဆရာ၊ ဆရာမ(၆၀)ဦးတို့က မတ်လ ၂၅ ရက်နေ့မှ ၃၀ ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
သန်းထွန်းအောင် (ပြန်/ဆက်)