ကန့်ဘလူ မတ် ၂၆
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကန့်ဘလူခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန၌ ကျောင်းသားကျောင်းသူများ အတွေးအခေါ်များ မြင့်မားလာစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးများ ထက်မြက်လာစေရန် ရည်ရွယ်၍ အခြေခံပညာအလယ်တန်းဆင့် ပန်းချီပြိုင်ပွဲ၊ ဆုချီးမြှင့်ပွဲနှင့် အခြေခံပန်းချီ သင်တန်း(လယ်/ဆင့်)ဆင်းပွဲကို ယမန်နေ့နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခြေခံပညာအလယ်တန်းဆင့် ပန်းချီပြိုင်ပွဲကို ကျင်းပပြုလုပ်ရာ ကျောင်းသား/ကျောင်းသူ ၅၀ ဦးခန့်ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးအပ်ကြသည်။
ထို့နောက် အခြေခံပန်းချီသင်တန်း(လယ်/ဆင့်)ဆင်းပွဲကို ဆက်လက်ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က ကျောင်းသား/ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရန်၊ ကာယဉာဏပြိုင်ပွဲများတွင် ဝင်ရောက်ယှဥ်ပြိုင်နိုင်စေရန်၊ သင်တန်းမှ ပို့ချပေးခဲ့သည့် ပန်းချီပညာရပ်များကို ဆက်လက်လေ့ကျင့် လေ့လာသွားကြရန်လည်း လိုကြောင်း ပြောကြားခဲ့သည်။ ယင်းနောက် သင်တန်းနည်းပြဆရာအား ဂုဏ်ပြုအမှတ်တရ လက်ဆောင်များ ပေးအပ်သည်။
အဆိုပါသင်တန်းကို မတ် ၁၂ ရက်မှ ၂၅ ရက်အထိ သင်တန်းကာလ ၁၄ ရက်တာတွင် သင်တန်းသားသင်တန်းသူ ၅၀ တက်ရောက်ခဲ့ကြောင်းနှင့် သင်တန်းတွင် ပန်းချီဆရာကြီး ဦးစိုးမြင့်ဝေက ပန်းချီအခြေခံမှ လူပုံအဆင့်ဆင့်ရေးဆွဲနည်းများကို သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား ကျောင်းသူများ အသိပညာ အတတ်ပညာများ ရရှိစေရန်အတွက် အသိပညာပေးဟောပြောပွဲများ၊ ပြိုင်ပွဲများ၊သင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)