မကွေး မတ် ၂၆
(၇၉)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် RCC နှစ်ထပ် ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် မကွေးမြို့နယ် ကန်ပြားကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းရှိ အဆိုပါကျောင်းဆောင်သစ်ရှေ့၌ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ကျောင်းဆောင်သစ်အား မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်း၊ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်သူဦးနှင့် တိုင်းဒေသကြီးပညာရေးမှူး ဦးသက်လေးဦး တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် မကွေးမြို့နယ်အနေဖြင့် ၂၀၂၂-၂၃ နှင့် ၂၀၂၃-၂၄ ဘဏ္ဍာနှစ်(နှစ်ဆက်ဘတ်ဂျက်) တွင် အဆောက်အအုံအသစ်(၁၅)ခုအတွက် ငွေကျပ် (၂၈၀၄ ဒသမ ၉၉၉)သန်းခွင့်ပြုခဲ့ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင်လည်း ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်း(၇၃)ခု၊ ကွန်ကရစ်လမ်း(၃)ခု၊ သန့်စင်ခန်း(၁၉)ခုအား ငွေကျပ် (၁၀၁၂ဒသမ ၁၇၅)သန်း အကုန်ကျခံဆောက်လုပ်ပေးခဲ့ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် ကျောင်းဆောင်သစ်များ ဆောက်လုပ်ပေးခြင်းမှာ ကျောင်းသား/ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ပညာသင်နှစ်အလိုက် သင်ကြားရမည့် သက်ဆိုင်ရာဘာသာရပ်များကို အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် ဆောက်လုပ်ပေးခြင်းဖြစ်ပြီး ကျောင်းသား/ကျောင်သူများကလည်း မိမိတို့ကျောင်း၏ ဂုဏ်ကိုဆောင်၍ ထူးချွန်ထက်မြက်ပြီး နိုင်ငံတော်အတွက် အားကိုးအားထားပြုနိုင်မည့်သူများ ဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် ပင်းပက်ဆောက်လုပ်ရေးကုမ္ပဏီက ကျောင်းဆောင်သစ်နှင့်ပတ်သက်သည့် စာရွက်စာတမ်းများအား ကျောင်းအုပ်ဆရာမကြီးထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများအား ကျောင်းဆောင်သစ်ဖွင့်ပွဲအထိမ်းအမှတ် အလံများကို ကုမ္ပဏီမှ တာဝန်ရှိသူများက ပေးအပ်သည်။
ထို့နောက် ကျောင်းဆောင်သစ်ဖွင့်လှစ်ပေးရခြင်းနှင့်ပတ်သက်၍ ရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး အခမ်းအနားအပြီးတွင် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှုခဲ့သည်။
အဆိုပါကျောင်းဆောင်သစ်သည်(၁၄၀ × ၃၀)ပေ RCC (၂)ထပ်ကျောင်းဆောင်သစ်အမျိုးအစားဖြစ်ပြီး ပညာရေးဌာန၏ ခွင့်ပြုရန်ပုံငွေကျပ်သန်း (၃၂၅ ဒသမ ၉၂၆)ဖြင့် ပင်းပက်ကုမ္ပဏီက တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အောင်ကို(ပြန်/ဆက်)