ရေတာရှည် နိုဝင်ဘာ ၅
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ သိုင်းဝ ကျေးရွာအုပ်စု၊ ကျွန်းပင်ဆိပ်ကျေးရွာအနီးရှိ ဆွာချောင်း ရေလှောင်တမံမှ ၂၀၂၀-၂၀၂၁ နွေစပါးရာသီ တွင် ကျေးရွာအုပ်စု ၁၀ အုပ်စုရှိ စိုက်ပျိုး ဧက ၉၀၀၀ ကျော်ကို ဒီဇင်ဘာလ ၁၀ ရက်နေ့မှ စတင်၍ ရေပေးဝေရန်လျာထားကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
နိုဝင်ဘာလ ၄ ရက်နေ့အထိ ရေ အမှတ် ၃၀၆.၆ ပေ၊ ရေသိုလှောင်ထားသည့် ပမာဏ ၇၂၆၇၄ ဧကပေရှိပြီး ဆွာတူးမြောင်းမကြီး လက်တံ မြောင်း အမှတ် ၃၊ အမှတ် ၄၊ အမှတ် ၅၊ အမှတ် ၆၊ အမှတ် ၇ တို့မှတဆင့် သိုင်းဝ၊ ကွင်းကြီး၊ ဇလုပ်ကြီး၊ သပြေတန်း၊ ညောင်ပင်သာ၊ ပိတောက်ခင်၊ ပေါက် ချောင်း၊ ခင်တန်ကြီး ၊ ကြံသနွယ်၊ မြောက်ရေကြည် ကျေးရွာအုပ်စုများအတွင်းရှိ ဧကပေါင်း ၉၀၀၀ ကျော် နွေစပါးစိုက်ပျိုးနိုင်ကြမည်ဖြစ်သည်။
ဆွာချောင်းရေလှောင်တမံအား ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးရေး ဖွံ့ဖြိုးမှု အထောက်အကူပြုစီမံကိန်း(ADSP)ဖြင့် ၂၀၁၈ ခုနှစ်မှ စတင်၍ ဆည်ရေသောက်စနစ်များ အဆင့်မြှင့်တင် ခြင်းလုပ်ငန်းများကို ဘဏ္ဍာရေးနှစ်အလိုက် ဆောင် ရွက်လျက်ရှိကြောင်းသိရသည်။
ဆု(ပြန်/ဆက်)