ပေါင်းတည်၌ အလယ်တန်းနှင့် မူလတန်းဆင့်ဘာသာရပ်ဆိုင်ရာ စွမ်းရည်မြှင့်မွမ်းမံသင်တန်း ဆွေးနွေးပို့ချ

ပေါင်းတည် မတ် ၂၆

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မူလတန်းဆင့်နှင့် အလယ်တန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့် မွမ်းမံသင်တန်းနှင့် ဆွေးနွေးပွဲများကို အ.ထ.က (ပေါင်းတည်) နှင့် အ.ထ.က (မြို့မ) တို့တွင် ဖွင့်လှစ်ပို့ချလျက်ရှိကြောင်း သိရသည်။

အဆိုပါ သင်တန်းနှင့်ဆွေးနွေးပွဲများကို မူလတန်းဆင့်သင်တန်းသား၊ သင်တန်းသူ ၈၀၇ ဦးအား သင်တန်းနည်းပြ ၄၆ ဦးဖြင့် အ.ထ.က (ပေါင်းတည်) ၌လည်းကောင်း၊ အလယ်တန်းဆင့် သင်တန်းသား၊ သင်တန်းသူ ၂၆၂ ဦးအား သင်တန်းနည်းပြ ၁၈ ဦးဖြင့် အ.ထ.က (မြို့မ) ၌လည်းကောင်း၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးသန်းဇော်ဝင်းနှင့် လက်ထောက်မြို့နယ် ပညာရေးမှူးများက အနီးကပ်ကြီးကြပ်၍ သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။

သင်တန်းချိန်မှာ နံနက် ၉ နာရီမှ ၁၁ နာရီအထိနှင့် မွန်းလွဲ၁နာရီမှ ၃ နာရီခွဲအထိဖြစ်ကြောင်းနှင့် သင်တန်းကာလမှာ မတ်လ ၂၅ ရက်မှ မတ်လ ၃၀ ရက်နေ့အထိဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

သူရကြီး (ပြန်/ဆက်)