မအူပင် မတ် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် MCCT အစီအစဉ် ငွေကြေးထောက်ပံ့ခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲ(၁)နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးတိုးတိုးဝင်းမှ အဖွင့်အမှာစကားပြောကြားပြီး မအူပင်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ဝင်းဝင်းအေးမှ မအူပင်မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့သည့် အစီအစဉ်(MCCT)နှင့် ပတ်သက်၍ အကျိုးခံစားခွင့်ရှိသူများအား ငွေကြေးထောက်ပံ့မှု အခြေအနေများအား ရှင်းလင်းပြောကြားသည်။ ၎င်းနောက်တာဝန်ရှိသူများက ထောက်ပံ့ငွေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌထံသို့ လွှဲပြောင်းပေးအပ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများထံသို့ ပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့သည်။
အဆိုပါထောက်ပံ့ကြေးငွေများအား ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများမှတဆင့် ကာယကံရှင်များ လက်ဝယ်အရောက် ပေးအပ်လျက်ရှိပြီး ရပ်ကွက်/ကျေးရွာ (၈၈)အုပ်စုရှိ ကိုယ်ဝန်ဆောင်မိခင် (၂၈၁၃)ဦး၊ အသက်(၂)နှစ်အောက် ကလေးသူငယ် (၃၉၂၂)ဦး၊ စုစုပေါင်း (၆၇၃၅)ဦးအား ထောက်ပံ့ငွေစုစုပေါင်း (၁၀၁၀၂၅၀၀၀)ကျပ် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်မြင့်မြတ် (ပြန်/ဆက်)