ဓနုဖြူမြို့နယ်လုံးဆိုင်ရာ ဂိုဏ်းပေါင်းစုံ ဓမ္မဝိနယစာမေးပွဲကြီး နှစ် (၅၀) ပြည့်ရွှေရတု စာအောင်သံဃာတော်များအား ဂုဏ်ပြုပူဇော်ပွဲအခမ်းအနားကျင်းပ

ဓနုဖြူ မတ် ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်လုံးဆိုင်ရာ ဂိုဏ်းပေါင်းစုံ ဓမ္မဝိနယစာမေးပွဲကြီး နှစ် (၅၀) ပြည့်ရွှေရတု စာအောင်သံဃာတော်များအား ဂုဏ်ပြုပူဇော်ပွဲ အခမ်းအနားကို ယနေ့ မတ်လ ၂၅ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်ကအမှတ် (၃) ရပ်ကွက်၊ ခင်မကန်ကျောင်းတိုက်၌ ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားကို နမော တဿ (၃) ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး၊ မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော် ဦးရေဝတထံမှ သရဏဂုံနှင့် ငါးပါးသီလခံယူ ဆောက်တည်ခဲ့သည်။ ထို့နောက် ဆရာတော်ကြီး (၂) ပါးနှင့် နာယကဆရာတော် (၂၂) ပါးတို့အား လှူဖွယ်ဝတ္ထုပစ္စည်း ဆက်ကပ်လှူဒါန်းခဲ့ပြီး နိုင်ငံတော်သြဝါဒစရိယ စျေးဦးကျောင်းတိုက်ဆရာတော်ထံမှ သြဝါဒကထာ နာယူခဲ့ကြသည်။

ဆက်လက်၍ ဓနုဖြူမြို့နယ် သာသနာရေးမှူး ဦးဝင်းထွန်းမှ သာသနာရေးဆိုင်ရာများလျောက်ထားခဲ့ပြီး ဓမ္မဝနယစာမေးပွဲကြီး၏ ရတု တေးထပ်များကို ရွတ်ဆိုပူဇော်ခဲ့ကြသည်။ အဆိုပါ ဓမ္မဝိနယစာမေးပွဲကြီးတွင် ပထမကြီးတန်းအောင်(၅)ပါး၊ ပထမလတ်တန်းအောင် (၆) ပါး၊ ပထမငယ်တန်းအောင်(၂၀)ပါး၊ အခြေပြုမူလတန်းအောင် (၂၆) ပါးနှင့် သာမဏေမူလတန်းအောင်(၅၂)ပါး စုစုပေါင်း(၁၀၉)တို့ကို ပင့်ဆောင်ပူဇော်ကာ အောင်လက်မှတ်နှင့်တကွ စာအောင်ဆုများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် ဓမ္မဝိနယနှစ် (၅၀) ပြည့် ရွှေရတုပူဇော်ပွဲနှင့်စပ်လျဥ်း၍ ဒုဥက္ကဋ္ဌဦးချစ်တိုးမှ ကျေးဇူးတင်ဝမ်းမြောက်စကားပြောကြားပြီး၊ မြို့နယ်သံဃာ့နာယက အတွင်းရေးမှူး ဆရာတော်၊ ကမ္မဌာန်းကျောင်းတိုက်ဆရာတော် ဘန္ဒန္တတေဇဝန္တထံမှ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချတရားနာယူ၍ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု (၃) ကြိမ်ရွတ်ဆိုကာ အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သိရသည်။

အောင်ပြည့်ဖြိုးဇော် (ပြန်/ဆက်)