ကျိုက်လတ်၌ အစိုးရပါဠိပထမပြန်စာမေးပွဲကြီး အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ကျိုက်လတ် မတ် ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် အစိုးရပါဠိပထမပြန်စာမေးပွဲကြီး အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်က စာမေးပွဲ ကျင်းပရေးဆပ်ကော်မတီ အသီးသီးက တာဝန်ယူလုပ်ကိုင်မည့် စာမေးပွဲကြီးကြပ်ရေး၊ ဘဏ္ဍာငွေရှာဖွေရေး၊ အခမ်းအနားကြိုတင်ပြင်ဆင်ရေး၊ ဆွမ်းဆက်ကပ်လှူဒါန်းရေး၊ ကျန်းမာရေးနှင့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ပေးမည့် အခြေအနေများအား ပြောကြားခဲ့ပြီး ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးမှိုကြီးက သာသနာတော် တည်တံ့ပြန့်ပွားရေးနှင့် စာမေးပွဲကြီးမှတစ်ဆင့် သာသနာ့အာဇာနည် အရှင်မြတ်များပေါ်ထွန်းလာပြီး သာသနာတော်အကျိုးကို သယ်ပိုးထမ်းရွက်သွားနိုင်စေရန် ရည်ရွယ်၍ အစိုးရပါဠိပထမပြန်စာမေးပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

 အစိုးရပါဠိပထမပြန် စာမေးပွဲကို ၂၀၂၄ ခုနှစ် မတ်လ (၃)ရက်နေ့ မှ (၉)ရက်နေ့ထိ ကျင်းပ ပြုလုပ်သွားမည်ဖြစ်ပြီး ကျိုက်လတ်မြို့နယ်အတွင်းရှိ စာဖြေသံဃာတော်များနှင့် သီလရှင်များ ဝင်ရောက်ဖြေဆိုသွားမည်ဖြစ်ရာ မြို့နယ်သံဃနာယက ဆရာတော်ကြီးများ၊ သြဝါဒဆရာတော်ကြီးများ၏ သြဝါဒနှင့်အညီ စာဖြေရှင်သာမဏေများ ကိုယ်စိတ်နှလုံး အေးချမ်းစွာဖြင့် စာမေးပွဲကြီးအား အောင်မြင်စွာဖြေဆိုနိုင်ရေးအတွက် ကြီးကြပ်ရေးဆရာတော်များနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အလှူရှင်များ၊ အသင်းအဖွဲ့များ စုပေါင်း၍ အစိုးရပါဠိပထမပြန်စာမေးပွဲကို အောင်မြင်စွာကျင်းပ ပြုလုပ်နိုင်ရေး ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။

လှိုင်မင်းအောင်

ကျိုက်လတ်(ပြန်/ဆက်)